ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ မကြာမီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနိုင်တော့မည်ဟု ဥရောပကော်မရှင်အကြီးအကဲ ပြောကြား

ဘရပ်ဆဲလ်   ၂၇  နိုဝင်ဘာ

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ နိုင်ငံသား များအနေဖြင့် ခရစ္စမတ်ကာလတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ထိုးနှံခွင့်ရရှိတော့မည်ဟု ယူဆကြောင်း ဥရောပသမဂ္ဂမှ ပြောကြားသည်။ ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဆေး အရေအတွက် သန်းချီပြီး မိမိတို့နိုင်ငံများ အတွင်းသို့ ဖြန့်ဖြူးနိုင်ရေးအတွက် ထောက်ပံ့ ပို့ဆောင်ရေး လမ်းကြောင်းများကိုလည်း ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း ဥရောပကော်မရှင်အကြီးအကဲ ယူဆာလီယာ ဗွန်ဒါလီယန်က ပြောကြားခဲ့သည်။

မိမိတို့အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်ကို တွေ့နေရပြီဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ နိုင်ငံသားများအနေဖြင့် ဒီဇင်ဘာလ မကုန်မီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနိုင်တော့မည်ဖြစ်ကြောင်း ဗွန်ဒါလီယန်က ဥရောပသမဂ္ဂမှ ဥပဒေပြုအမတ်များအား ပြောကြားခဲ့သည်။ ဥရောပကော်မရှင်အနေဖြင့် လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မည့် ကုမ္ပဏီ ခြောက်ခုနှင့် သဘောတူညီချက်များရရှိခဲ့ကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်များအရ ဥရောပ ကော်မရှင်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အရေအတွက် သန်း ၈၀၀ ကို ဝယ်ယူခွင့် ရရှိခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစင်တာများနှင့် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများကို အသင့်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ဗွန်ဒါလီယန်က ပြောကြားသည်။ ဥရောပ ဒေသဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များတွင် ကိုဗစ်-၁၉ လူနာများ ပြည့်နေပြီး လွန်ခဲ့သော သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် သေဆုံးသူ ၃၀၀၀ ရှိလာခဲ့သည်။ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းများကိုလည်း လိုက်နာကြရန်နှင့် ကိုဗစ်-၁၉ ဆိုင်ရာ ဖြေလျှော့မှုအများအပြား ပြုလုပ်ခြင်းအားဖြင့် ခရစ္စမတ်အပြီးကာလတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်လာနိုင် ကြောင်း ၎င်းက သတိပေးခဲ့သည်။

ကိုးကား-စီအင်န်အေ ဘာသာပြန်-စိုးသူရ