ဥရောပသမဂ္ဂကနေ သဘောတူညီမှုမရဘဲ ဗြိတိန် ထွက်လာဖို့ဆိုတာ EU ရဲ့ အကူအညီလိုအပ်ကြောင်း ဂျွန်ဆင်ပြောကြား

၂၅ ဇွန် 

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ နေရာမှာ အစားထိုးနိုင်တယ်လို့ လူကြိုက်များနေတဲ့ ဘောရစ်ဂျွန်ဆင်က ဥရောပသမဂ္ဂက (EU) နေ ဗြိတိန်နိုင်ငံက သဘောတူညီမှု တစ်စုံတစ်ရာမရဘဲ ထွက်လာဖို့ဆိုတာ EU ရဲ့ အကူအညီလိုအပ်ကြောင်း ဘီဘီစီနဲ့ မနေ့က အင်တာဗျူးမှာ ပြောကြားပါတယ်။

EU ကနေ ဗြိတိန်ဟာ အောက်တိုဘာ ၃၁ ရက် နေ့မှာ ထွက်ခဲ့မယ်ဆိုရင် သဘောတူညီချက်မရဘဲ ထွက်ခဲ့ရမှာဖြစ်တယ်။ အဲဒီလို ထွက်လာရင် စီးပွားရေးလုပ်ငန်းတွေနဲ့ နယ်စပ်ရေးရာမှာ ပြဿနာတွေ ရှောင်ရှားဖို့ဆိုတာ EU ရဲ့ အကူအညီတွေ လိုအပ်ကြောင်း ဂျွန်ဆင်က ပြောပါတယ်။

ဂျွန်ဆင်က သူသာ ဝန်ကြီးချုပ်နေရာရခဲ့မယ်ဆိုရင် EU နဲ့ ဆက်စပ်နေတဲ့ အိုင်ယာလန်၊ ဗြိတိန်ထိန်းချုပ်အတွင်းက မြောက်ပိုင်းအိုင်ယာလန် တို့ကြားရှိ နယ်စပ်တွေကို ထိန်းချုပ်ရေးနဲ့ ပတ်သတ်ပြီး သူ့အနေနဲ့ ဖြေရှင်းသွားနိုင်တယ်။ လွတ်လပ်စွာကုန်သွယ်ခွင့်နဲ့ ပတ်သတ်တဲ့ ဆွေးနွေးပွဲကို ဒေါင်းနင်းလမ်း ရှိ အိမ်နံပတ် ၁၀ ကို ရောက်ရောက်ခြင်း လုပ်ဆောင်မယ်။ ဒါပေမယ့် အားလုံးကို ဖြေရှင်းသွားနိုင်တဲ့ အစွမ်းထက်တဲ့ လက်နက်တစ်ခုမှ မရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဘောရစ်နဲ့ သူ့ရဲ့ girlfriend ကြားက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် ဂျွန်ဆင်ရဲ့ အိမ်ကိုရဲရောက်ရှိလာခဲ့တဲ့ အကြောင်းအရာကလည်း သတင်းတွေမှာ ပျံ့နှံ့နေတဲ့အတွက် ဘောရစ်ဂျွန်ဆင်ကို ဖိအားပေးသလိုဖြစ်နေပါတယ်။

MDN
ကိုးကား - AFP