ဥရောပသမဂ္ဂရှိပေါ်တူဂီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိ

မေ ၁၀

 

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သော ပေါ်တူဂီနိုင်ငံတွင် လွန်ခဲ့သော ခုနစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှု လူဦးရေတစ်သန်းလျှင် ပျမ်းမျှအားဖြင့် ၁၁၅၀ ဦး ထပ်မံတွေ့ရှိရာ ရောဂါကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်သည်ဟူသော လေ့လာတွေ့ရှိချက်ကို ယမန်နေ့ကထုတ်ပြန်ထားသည်။

 

ဥရောပသမဂ္ဂတွင် ပေါ်တူဂီနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် နေ့စဉ်သေဆုံးမှုတွင် အဌမမြောက် အများဆုံး နိုင်ငံဖြစ်ပြီး လွန်ခဲ့သောခုနစ်ရက်အတွင်း ပျမ်းမျှအားဖြင့် သေဆုံးမှု ၁ ဒသမ ၉၇ ရှိသည်။

 

ဥရောပသမဂ္ဂတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ပျမ်းမျှနေ့စဉ်သေဆုံးမှု ၁ ဒသမ ၄၃ ရှိပြီး ကမ္ဘာတစ်ဝန်းတွင် ပျမ်းမျှ ၀ ဒသမ ၂ ရှိသည်။

 

ပေါ်တူဂီကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန၏သုတေသနအချက်အလက်အရ ဧပြီ ၂၆ မှ မေ ၂ ရက်နေ့အကြား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၆၁၈၃ ဦး ရှိပြီး လွန်ခဲ့သောနှစ် ထိုကာလနှင့်နှိုင်းယှဉ်လျှင် ကိုဗစ်ရောဂါကူးစက်မှု ၂၇ ဆ မြင့်တက်လာသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို