ဥရောပတွင် ကိုဗစ် -၁၉ ကူးစက်မှုအသစ်များ ပိုမို များပြားလာ

ပါရီ   ၁၄   အောက်တိုဘာ

ဥရောပတစ်လွှားတွင် ကိုဗစ်-၁၉ ကူးစက်မှု တစ်ဖန်များပြားလာသည့်အတွက် ကန့်သတ်ချက် အသစ်များ ထုတ်ပြန်နေရသည်။ ပြင်သစ်နိုင်ငံတွင် အောက်တိုဘာ ၁၀ ရက်ကကိုဗစ် -၁၉ နောက်ထပ်ကူးစက်ခံရသူ ၂၇၀၀၀ နီးပါးရှိလာသည်ဟု ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံအပါအဝင် အခြားသော ဥရောပနိုင်ငံများမှာ ကိုဗစ် - ၁၉ ဒုတိယအကျော့ ခံစားနေရသည့် အတွက် ကူးစက်မှုများ တိုးနေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အကာအကွယ်များ လုပ်ဆောင်ထားရန် လိုအပ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် Jean Castex က အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

အချို့သော နေရာများတွင် အသွားအလာကန့်သတ် ခြင်းအပါအဝင် ကန့်သတ်ချက်အသစ်များ ထပ်မံချမှတ် နိုင်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံတွင်လည်း အောက်တိုဘာ ၁ ရက်မှ စတင်ကာ နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၀၀၀၀ ကျော် ရှိလာသည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း အဆင့်သုံးဆင့်ရှိသည့် ကိုဗစ်-၁၉ သတိပေးမှုများနှင့် ကန့်သတ်ချက်များကို အောက်တိုဘာ ၁၂ ရက်က ကြေညာခဲ့သည်။

လီဗာပူးဒေသပတ်ဝန်းကျင်တွင် လတ်တလော၌ ကိုဗစ်-၁၉ ကူးစက်မှုအမြင့်ဆုံးဖြစ်နေပြီး အောက်တိုဘာ ၁၄ ရက်မှစတင်ကာ ယင်းဒေသတွင် သတိပေးမှုအဆင့် အမြင့်ဆုံးအထိ ထားရှိမည်ဖြစ်သည်။ ထို့ပြင် အရက်ဆိုင် များနှင့် ဘားများကိုလည်း ပိတ်ထားမည်ဖြစ်သည်။

သို့သော်လည်း ဗြိတိန်နိုင်ငံ၏ စီးပွားရေးကိုထိခိုက်မည် စိုးရိမ်သဖြင့် တစ်နိုင်ငံလုံးအနှံ့ အသွားအလာပိတ်ဆို့ ကန့်သတ်မှုများကိုမူ လုပ်ဆောင်မည်မဟုတ်ပေ။ လာမည့် သီတင်းပတ်များနှင့် လများအတွင်း အခြေအနေ ပိုမိုခက်ခဲလာမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဥရောပတွင် ကူးစက်မှုအမြင့်ဆုံးဖြစ်နေသည့် စပိန်နိုင်ငံတွင်လည်း နေ့စဉ် ကူးစက်မှုနှုန်းမှာ ၁၀၀၀၀ အထိ ရှိလာသည်။ ယခုလအစောပိုင်းကလည်း မက်ဒရစ်မြို့တွင် အသွားအလာပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီး မဖြစ်မနေ အလုပ်လုပ်ရန်မှတစ်ပါး မြို့အတွင်း ဝင်ခွင့်၊ ထွက်ခွင့် ပိတ်ဆို့ခဲ့သည်။

အင်န်အိတ်ချ်ကေ