ရန်ကုန် ၁၄ ဒီဇင်ဘာ

 

ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်း၏ (၂၂)ကြိမ်မြောက် အဖွဲ့ဝင်များ နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Mercure ဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးမင်းစိန်က မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအပိုဒ် (၂၆)အရ နာတာရှည်ဝေဒနာ ကုသရေးအဖွဲ့ အဖွဲ့အစည်းတည်ထောင်မှုနှင့် အသင်းအဖွဲ့ စည်းမျဉ်းမှတ်တမ်းများကို ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက ဖောင်ဒေးရှင်းသို့ မေတ္တာရှေ့ထား၍ ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ပေးသည့် ပါရဂူကြီးများနှင့် ဆရာဝန်ကြီးများကို ဂုဏ်ပြုလက်ဆောင်များနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍရေးနှစ်၌ ဖောင်ဒေးရှင်းသို့ ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များကို ဂုဏ်ပြုလွှာများပေးအပ်ကြသည်။

 

ထို့နောက် ဂုဏ်ထူးဆောင် နာယက သံအမတ်ကြီး(ငြိမ်း) ဦးလှမောင်က အမှာစကားပြောကြားပြီး ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က နာတာရှည်ကုသရေးအဖွဲ့၏ လုပ်ဆောင်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးသို့ တင်သွင်းသည့် စီမံခန်ခွဲမှု ကော်မတီ၏ အစီရင်ခံစာ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး စာရင်းရှင်းတမ်းများနှင့် စာရင်းစစ် အစီရင်ခံစာ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းကို ဆရာကြီးဦးလှထွန်းက ကင်ဆာဝေဒနာခံစားနေရသော ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ရန်အတွက် ကုသိုလ်ဖြစ် အဖွဲ့အစည်းကို ၁၉၉၈ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းအဖြစ် အတွင်းလူနာ (ကင်ဆာ) ဗဟိုဌာနများကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့ပိုင်းမြိုနယ်နှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်တို့တွင် ဖွင့်လှစ်၍ ယနေ့အထိ ကင်ဆာဝေဒနာရှင် ၆၀၃၀ ကို ပြုစုစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်