ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မှာ အဖြစ်များတဲ့ ရောဂါများ

၆ ဇန်နဝါရီ

ဦးနှောက်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံး စည်းချက်ကျကျ အလုပ်လုပ်နိုင်ဖို့ အပေါ်ဆုံးမှာနေပြီး ထိန်းချုပ် ထားတဲ့ အင်္ဂါရပ်ပါ။ ဗဟိုစနစ်ကြီးပေါ့။ သူတစ်ခုတည်းနဲ့တော့ အားလုံးကို မထိန်းချုပ်နိုင်ပါဘူး။ ဒါကြောင့် သူ့ကိုကူညီပေးဖို့ ကျောရိုးအာရုံမကြီးတွေ၊ အာရုံကြောငယ်လေးတွေ ရှိပါတယ်။ ကျောရိုး အာရုံကြောမကြီးကတော့ ဦးနှောက်နဲ့ အာရုံကြောငယ်တွေကြား သတင်းအချက်အလက် ဖလှယ်ပေး ရတဲ့ ပေါင်းကူးတံတားကြီးပါပဲ။

ဦးနှောက်ရော၊ ကျောရိုး အာရုံကြောမကြီးရော၊ အာရုံကြောငယ်တွေရော ကျန်းမာနေပါမှ ခန္ဓာကိုယ် တစ်ခုလုံးကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာပါ။ ဒါပေမယ့် သူတို့ကလည်း တခြားသော ကိုယ်တွင်းအင်္ဂါ တွေလိုပဲ ရောဂါဖြစ်တတ်ကြပါတယ်။ ဘယ်လိုရောဂါတွေ ဖြစ်နိုင်သလဲဆိုတာ ဆက်ကြည့်ရအောင်။

ဦးနှောက်မှာ အဖြစ်များတဲ့ ရောဂါများ

ဦးနှောက်မှာ အဖြစ်များတဲ့ ရောဂါတွေကို အုပ်စုခွဲကြည့်မယ်ဆိုရင်

•           ထိခိုက်ဒဏ်ရာ

မတော်တဆထိခိုက်မှု တစ်ခုခုကြောင့် ခေါင်းထိခိုက်မယ်ဆိုရင် အထဲက ဦးနှောက်လည်း ထိခိုက်နိုင်ပါ တယ်။ ဒါကြောင့်ပဲ ဦးနှောက်အတွင်းသားကြေတာ၊ ဦးနှောက်သွေးယိုတာ၊ ဦးနှောက်တွင်း ဖိအားများတာတွေ ဖြစ်လာနိုင်ပါတယ်။

•           ဦးနှောက်အကျိတ်

ဦးနှောက်ကိုယ်တိုင်က အကျိတ်ဖြစ်တာရှိသလို၊ တခြားကင်ဆာက ဦးနှောက်ကို ပြန့်လာပြီး အကျိတ်တည်တာလည်း ဖြစ်နိုင်ပါတယ်။ တခြားကင်ဆာတွေနဲ့ မတူတာက ဦးနှောက်အကျိတ်မှာ အကျိတ်ရဲ့ အရွယ်အစားနဲ့ နေရာက အရေးကြီးပါတယ်။ ဒီအချက်တွေပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် လက္ခဏာတွေ ကွာခြားသွားပါတယ်။

•           အသက်ကြီးလို့ ဦးနှောက်ဆဲလ်တွေ အိုမင်းလာပြီး ပျက်စီးတာ

ဥပမာ ပေးရရင် ပါကင်ဆန်တို့၊ အယ်ဇိုင်းမားတို့လိုပါ။ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါတွေလည်း ပါဝင်ပါတယ်။

•           သွေးကြောရောဂါ

ဦးနှောက်သွေးကြောပေါက်တာ၊ ပိတ်တာကို ဆိုလိုတာပါ။ ရလဒ်အနေနဲ့ လေဖြတ်တာတွေ၊ လေဖြန်းတာတွေ ဖြစ်လာပါတယ်။ အသက်ငယ်ငယ်လေးနဲ့ ဦးနှောက်သွေးကြောဖောင်းပြီး ပေါက်ရာက လေဖြတ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကိုတော့ Berry’s aneurysmလို့ ခေါ်ပါတယ်။

•           ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်တဲ့ ရောဂါ

ကလေးတွေမှာ ဖြစ်တတ်တဲ့ အော်တစ်ဇင်တို့၊ ADHDတို့၊ Cerebral palsyတို့လို ရောဂါမျိုးတွေပါ။ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်တာကြောင့် တခြားဖွံ့ဖြိုးမှုတွေပါ ထိခိုက်ကုန်ပါတယ်။ ဆေးပေးပြီး ကုသတာထက် လေ့ကျင့်ခန်းတွေ၊ စကားပြောနည်းတွေ၊ အထူးစာသင်ကျောင်းတွေမှာ ထားပြီး လူမှုဘဝအောင် အံဝင်ခွင်ကျဖြစ်အောင် သင်ကြားပေးရတာမျိုးပါ။

•           အတက်ရောဂါ

အတက်ရောဂါဆိုတာကတော့ ဦးနှောက်ထဲက လျှပ်စီးလှိုင်းလေးတွေ ပုံမှန်မဟုတ်တာကြောင့် ဖြစ်လာ တဲ့ရောဂါပေါ့။ ဦးနှောက်တစ်နေရာတည်းမှာပဲ ဖြစ်တာရှိသလို၊ ဦးနှောက်တစ်ခုလုံးမှာ ဖြစ်တာလည်း ရှိပါတယ်။ ဒီပေါ်လိုက်ပြီး တက်တဲ့ ပုံစံတွေ ကွာခြားသွားပါတယ်။

•           ပိုးဝင်ကူးစက်တာ

ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားပိုးတွေကြောင့် ဦးနှောက်အမြှေးပါးရောင်တာ၊ ဦးနှောက်ရောင်တာ၊ ဦးနှောက်ပြည်တည်တာ စတာတွေ ပါဝင်ပါတယ်။ အများစုက ကုသလို့ ရတာကြောင့် စောစောသိဖို့ အရေးကြီးပါတယ်။

•           ခုခံအားကမောက်ကမ ဖြစ်တဲ့ရောဂါ

Multiple sclerosisလိုမျိုး အာရုံကြောအပေါ်ယံအမြှေးပါးတွေ ဆုံးရှုံးသွားတဲ့ ရောဂါပါ။ ခုခံအားက ခန္ဓာကိုယ်က ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်လို့ ဖြစ်ရတယ်လို့ ယူဆထားကြပါတယ်။ အသက် ၂၀နဲ့ ၄၀ကြားမှာ အတွေ့ရများပြီး လူနာက ကြွက်သားတွေ အားပျော့လာတာကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်ပါဘူး။ ဒါ့ပြင် အမြင်တွေလည်း ဝါးလာပါတယ်။ ကုသလို့ မရဘဲ ဆေးတွေနဲ့ပဲ ထိန်းလို့ရပါတယ်။

•           အိပ်စက်မှု ပြဿနာ

အိပ်စက်ခြင်းဆိုတာကလည်း ဦးနှောက်ကထိန်းချုပ်ထားတဲ့အရာပါ။ အိပ်ဟောက်ရှူရပ်ရောဂါတွေ၊ အိပ်နေတုန်း ခြေထောက်ဂဏှာမငြိမ်တာတွေ စတာတွေအားလုံး အကျုံးဝင်ပါတယ်။ ဆေးဝါးတွေ ပေးတာအပြင် လူနေမှုပုံစံတွေကိုပါ ပြောင်းလဲပြီး ကုသပေးရပါတယ်။ လိုအပ်ရင် စိတ်ရောဂါဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်တောင်းခံရပါတယ်။

ကျောရိုးအာရုံမကြီးမှာ ဖြစ်တတ်တဲ့ ရောဂါများ

ဒီအာရုံကြောမကြီးက နာမည်အတိုင်းပဲ ကျောရိုးဆစ်တစ်လျှောက်ရှိနေတာပါ။ ဇက်ပိုးကနေ ခါးအောက်ပိုင်းနားထိ ရှိပါတယ်။ ပြွန်ပုံစံဖြစ်ပြီး သူကနေ အာရုံကြောအခွဲတွေ အများကြီး ဖြာထွက်သွားပါယ်။ သူ့မှာဖြစ်တတ်တဲ့ ရောဂါတွေကို အကြမ်းဖျင်း နှစ်ခုခွဲလို့ရပါတယ်။

အာရုံကြောမကြီး အပြင်ဘက်မှာဖြစ်တဲ့ရောဂါများ

•           ထိခိုက်ဒဏ်ရာ

ချော်လဲလို့ ခါးမျက်သွားရင် အာရုံကြောထိသွားပြီလားလို့ ပြောလေ့ရှိပါတယ်။ ခါးမှ မဟုတ်ပါဘူး။ ကျောရိုးတစ်လျှောက် ဘယ်နေရာမှာပဲ ထိခိုက်ဒဏ်ရာရရင် အထဲက အာရုံကြောထိနိုင်လို့ ဂရုစိုက်ပါ။

•           အာရုံကြောကို ဖိမိတာ

အပြင်ကနေ အရိုးအတက်ထွက်လို့၊ ကိုယ်တွင်းမှာ သွေးယိုလို့၊ ပြည်တွေ အောင်းနေလို့၊ အကျိတ်တည်နေလို့၊ ကျောရိုးဆစ်ကြားက အပြားလေး ကျွံထွက်နေလို့ စတာတွေက အထဲက အာရုံကြောမကြီးကို ဖိတတ်ပါတယ်။ အထဲက အာရုံကြောကိုယ်တိုင်ကတော့ အကောင်းပေမယ့် ဒီလို ပြင်ပကနေ အဖိခံရရင် ဒဏ်ဖြစ်တတ်ပါတယ်။

•           သွေးကြောပိတ်တာ

ကျောရိုးအာရုံကြောကို ထောက်ပံ့ထားတဲ့ သွေးကြောပိတ်သွားပြီဆိုရင် အာရုံကြောတစ်ရှူးပုပ်ပြီး ပျက်စီးသွားတတ်ပါတယ်။ သွေးကြောကျဉ်းတာ၊ သွေးခဲပိတ်တာ၊ သွေးကြောပြဲတာ၊ သွေးကြောရောင်တာ စတာတွေ ဖြစ်တတ်ပါတယ်။

အာရုံကြောမကြီးအတွင်းမှာ ဖြစ်တတ်တဲ့ ရောဂါများ

•           အရည်အိတ်တည်တာ

အာရုံကြောထဲမှာ အရည်အိတ်တည်တာပါ။ Syringomyelia လို့ ခေါ်ပါတယ်။

•           ကျောရိုးအာရုံကြောရောင်ရမ်းတာ

Acute transverse myelitis လို့ ခေါ်ပြီး multiple sclerosisလို့ခေါ်တဲ့ အာရုံကြော အပေါ်ယံလွှာ မရှိတဲ့ ရောဂါ၊ Lyme disease လိုင်မ်းရောဂါနဲ့ တချို့ဆေးဝါးတွေကြောင့် ဖြစ်တတ်ပါတယ်။

•           အလုံးအကျိတ်တည်တာ

ကျောရိုးအာရုံကြောမှာ အကျိတ်ဖြစ်တာ၊ သွေးလုံးဖြစ်တာ၊ ပြည်တည်တာ စတာတွေ ပါဝင်ပါတယ်။

•           ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့တာ

ဗီတာမင် B12တို့၊ ကော့ပါးတို့ ချို့တဲ့တာကို ဆိုလိုပါတယ်။ ကော့ပါးက သာမန်လူတွေမှာ ချို့တဲ့တာ ရှားပါတယ်။ ရောဂါအခံတစ်ခုခုရှိတဲ့ မွေးစကလေးတွေ၊ မျိုးဗီဇပြဿနာရှိသူတွေမှာပဲ ချို့တဲ့တတ်ပါတယ်။

•           ပိုးဝင်ကူးစက်တာ

HIV တို့၊ ကာလသားရောဂါတို့ကြောင့်လည်း အာရုံကြောမကြီး ထိခိုက်တတ်ပါတယ်။ ဦးနှောက်အမြှေးနဲ့ အာရုံကြောမကြီး အမြှေးနဲ့ တူတူပဲ ဖြစ်တာကြောင့် ဦးနှောက်အမြှေးရောင်သလိုမျိုး ရောင်ရမ်းတတ်ပါတယ်။

ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးက ဖွဲ့စည်းပုံတင် ရှုပ်ထွေးတာမဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ ရောဂါတွေကလည်း များပြားလှပါတယ်။ ကုလို့ရတာလည်း ရှိသလို၊ ဆေးနဲ့ပဲ ထိန်းသွားရတာလည်း ရှိပါတယ်။ ဦးနှောက်နဲ့ အာရုံကြောထိရင် တစ်ကိုယ်လုံးပါ ထိခိုက်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ပါ ရှိနိုင်တာကြောင့် သေချာဂရုစိုက်ဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr. Htet Htet Zaw Win