ဦးပြည့်စုံနှင့် ရုပ်ရှင်စကားဝိုင်း

၅  နိုဝင်ဘာ

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

ဒီတစ်ပတ် ကျွန်တော်နဲ့ စကားဝိုင်းကို ပါဝင်မယ့်သူကတော့ တစ်ချိန်က သွေးသောက်မဂ္ဂဇင်းကို ဦးစီးဦးကိုင်လုပ်ခဲ့တဲ့ ဆရာဦးပြည့်စုံ ဖြစ်ပါတယ်။ ဆရာဦးပြည့်စုံဟာ ငယ်စဉ်ကတည်းက ရုပ်ရှင်ကို အင်မတန်စိတ်ဝင်စားပြီးတော့ ရုပ်ရှင်နောက်ကို တစိုက်မတ်မတ်လိုက် ရုပ်ရှင် လောကသားတွေနဲ့ ပေါင်းပြီးတော့ သူကိုယ်တိုင်က ရုပ်ရှင်လောကသား ဖြစ်လာခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။ အခု သူ့ရဲ့ဘဝအတွေ့အကြုံနဲ့ သူစုဆောင်းထားခဲ့တဲ့ ရုပ်ရှင်နဲ့ ပတ်သက် တဲ့အပိုင်းတွေကို ကျွန်တော်တို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ပါ ဆရာ။ ဆရာ

ငယ်ငယ်ကတည်းက ရုပ်ရှင်ကို အင်မတန်ဝါသနာပါတယ်။ ရုပ်ရှင်ရုံတွေမှာလည်း လှည့်ပြီးတော့ ကြည့်ခဲ့ တဲ့အကြောင်းတွေ ကျွန်တော်ဖတ်ရပါတယ်။ ရုပ်ရှင်နဲ့ ကျွန်တော်ဆိုတဲ့ စာအုပ်ထင်ပါရဲ့။ အထူးသဖြင့် ဆရာ့ရဲ့ စာအုပ်တွေပေါ့လေ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတည်းက သွေးသောက်ဆိုတာကလည်း ထွက်တော့ သွေးသောက်မှာဆိုရင် ရုပ်ရှင်အကြောင်းတွေ လည်း ဖတ်ရတယ်။ နောက်တစ်ခုကတော့ စာပေလောကပေါ့။ သွေးသောက်လာရင် စာပေလောကကို လှန်ကြည့်ပြီးတော့ ဟာသလေးတွေ ရယ်ရတာလည်း ကျွန်တော်မှတ်မိ နေပါတယ်။ အဲဒီထဲကနေပြီးတော့ “ကြပ်ကလေး”နဲ့ နောက်တစ်ယောက် တွဲတယ်ဆရာ။ လဒဆိုပြီးတော့ မှတ်မိ နေသေးတယ်။ ဆရာနဲ့တွေ့တော့ ကျွန်တော် မေးတာ။ “ဆရာ ရေ လဒဆိုတာ ဘယ်သူလဲ” ဆို “ကျွန်တော်ပါ” ဆိုတာလေ။

ဦးပြည့်စုံ ။ ။ လဒ ဆိုပြီး မှည့်ဖြစ်တာက တိုးတက်ရေးမှာ ကျွန်တော်တို့က ပုံနှိပ်တာကိုး။ ဘလောက်တွေ အဟောင်းတွေတွေ့တော့ အဲဒီမှာ လဒရုပ်လေးတွေ့တော့ အဲဒါကောက်ယူလိုက်တာပဲ။ ဦးကြည်မောင်ကိုလည်း ကျွန်တော်က နောက် တယ်။ ဦးကြည်မောင်က လင်းယုန်ဆိုတော့ ကျွန်တော်က လဒဆိုပြီးတော့ ပြန်လုပ်တာ ပေါ့။ ဒေါ်တင်လှိုင်နဲ့ကတော့ သိပ်ခင်တယ်။ မောင်နှမတွေလိုပဲလေ။ သူကလည်း အကူအညီ တော်တော်ပေးပါတယ်။

ကြည်စိုးထွန်း ။ ။ သွေးသောက်တို့နောက် ရုပ်ရှင်မျက်မှန်တို့ဆိုတာ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကျွန်တော်တို့ကို ရုပ်ရှင်လမ်းကြောင်းပေးတဲ့ စာအုပ်တွေပေါ့။ ဒီနေ့အထိလည်း အဲဒီစာအုပ် တွေရဲ့ကျေးဇူးကို ကျွန်တော် မမေ့ပါဘူးဆရာ။ သွေးသောက်မှာလည်း ရုပ်ရှင်အကြောင်းတွေကို တစိုက်မတ်မတ် ဖော်ပြခဲ့တာ ကိုလည်း ကျွန်တော် တွေ့ပါတယ်။ နောက်ဆရာကတော့ ရုပ်ရှင်လောကမှာ ဆိုရင်လည်း ငယ်ငယ်ကတည်းက ကျင်လည်လာပြီးတော့ ကြီးတဲ့အခါမှာဆိုရင်လည်း ရုပ်ရှင်ထဲမှာ ဆရာသရုပ်ဆောင်လုပ်တာပါ ကျွန်တော် တွေ့ပါတယ်။ ဆရာရွှေဒုံးဘီ အောင်ရဲ့ ကားထဲမှာထင်တယ်။ မှတ်မိသေးတယ်။ ဆရာရေးထားတာလေး တစ်ခု။ မိုးရွာထဲမှာ ထမင်းကျန်၊ ဟင်းကျန်တွေ စားပြီးတော့ အိုက်တင်လုပ်ရတဲ့ အကြောင်းလေ။ ဆရာဟာ ဇာတ်ညွှန်းတွေလည်း အများကြီးရေး။ ဒါရိုက်တာအဖြစ်လည်း အများကြီးရိုက်။ နောက်ကျွန်တော်တို့နဲ့တောင်မှ သူတို့ခေတ်နဲ့ သူတို့အရွယ်ဆိုတဲ့ ၁၉၉၅ ခုနှစ် ထင်တယ်နော်။ ဆရာရုပ်ရှင်စိန်ရတုပေါ့။ အဲဒီတုန်းက ဆရာ့ဇာတ်ညွှန်းတွေလည်း ရိုက်ခဲ့ရပါသေးတယ်။ အခုဆရာနဲ့တွေ့တော့ သိချင်တာကတော့ ဆရာရယ်။ ငွေရတုခေတ်ပေါ့လေ။ မြန်မာ့ရုပ်ရှင်စတာက ၁၉၂၀ အောက်တိုဘာ လ ၁၃ ရက်၊ မြန်မာ့ရုပ်ရှင်မွေးတဲ့နေ့ပေါ့ ဆရာ။ အဲဒီကနေပြီးတော့ ဒီဘက်မှာ အသံတိတ်ခေတ်လောက် ထိအောင်ပေါ့လေ။ အဲဒီခေတ်အထိ ဆရာမှတ်မိခဲ့တဲ့ ရုပ်ရှင်ကားတွေ၊ မှတ်မိခဲ့တဲ့ ဒါရိုက်တာတွေ၊ ဆရာ မှတ်မိခဲ့တဲ့ မင်းသား မင်းသမီးတွေ အကြောင်း ကျွန်တော်သိချင်ပါတယ်။ အဲဒီတော့ အများကြီးပဲနေမှာပါပဲ။ စစချင်း ပထမဆုံး မြန်မာ့ ရုပ်ရှင်ကားဖြစ်တဲ့ “မေတ္တာနဲ့ သူရာ”ဆိုတဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ မှတ်မိတာလေးတွေကနေ စပြီးတော့ ပြောပေးပါဦး ဆရာ။ ဆရာပြောတာလေး ကျွန်တော် နားထောင်ချင်ပါတယ်။

 

C-4

 

ဦးပြည့်စုံ ။ ။ မေတ္တာနဲ့သူရာကတော့ ဆရာ ပီမိုးနင်းရဲ့ ဇာတ်လမ်းပေါ့။ “မေတ္တာနဲ့သူရာ” က တော်တော်လေးကို ရိုက်တာကလည်း ခဲခဲယဉ်းယဉ်း။ နောက်ဆုံး ဦးညီပုတို့ ပြောပြတော့ ရိုက်နေတုန်း မင်းသမီးက ခြံထဲက သူဌေးသားနဲ့ လိုက်ပြေးတော့ ကျွန်တော်တို့မှာ မင်းသမီးလိုက်ရှာရတယ်။

ကြည်စိုးထွန်း ။ ။ မအေးကြည်

ဦးပြည့်စုံ ။ ။ မရီ မရီ။

ကြည်စိုးထွန်း ။ ။ အပြင်နာမည်က မအေးကြည်။ အတွင်းနာမည်က မရီပေါ့။

ဦးပြည့်စုံ ။ ။ အဲဒါနဲ့ သူဌေးသားက ပေးမရိုက်ဘူး။ သူ့မိန်းမကို။ မနည်းတောင်းပန်တော့မှ ရတယ်။

ကြည်စိုးထွန်း ။ ။ မင်းသမီး ယောကျ်ားနောက်လိုက်သွားလို့ အဲဒီကားက တန်းလန်းဖြစ်သွားတယ်။

ဦးပြည့်စုံ ။ ။ မရီရဲ့ ဆင်ယင်ထုံးဖွဲ့ပုံ ဆံထုံးလေးတွေက အခုခေတ်ဆို အဘွားကြီးပဲ ထုံးတာကိုး။ အဲဒါကို ကျွန်တော့် မိတ်ဆွေက ဟာ ဒါမင်းသမီး မဖြစ်နိုင်ဘူးဆို။ မဟုတ်ဘူး။ ဟိုတုန်းက ဆံထုံးဆိုတာ ဒီတိုင်းပဲလို့ ပြောပြတော့မှ ယုံသွားတယ်။ “မေတ္တာနဲ့ သူရာ”က တော်တော်ခက်ခက်ခဲခဲ ရိုက်ရတယ်။ ကင်မရာကိုလည်း ရှာရှာဖွေဖွေနဲ့ ရိုက်ရပါတယ်။ ဦးအုန်းမောင်အကြောင်းလည်း ကျွန်တော်မြဝတီမှာ ရိုက်ဖူးပါတယ်။ ကင်မရာနှစ်လုံးကို တစ်လုံးဖြစ်အောင် လုပ်ရတာ။ ဖလင်တောင် မရှိလို့ ဟိုကရှာ၊ ဒီက လုပ်ဆိုသလို လုပ်ရတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့လည်း ကုသိုလ်ကံ လိုက်တာက မနားမနေ ကြိုးစားတဲ့ အတွက်ကြောင့် အစိုးရကနေပြီးတော့ ဝီလီယံဆင်ဆိုတဲ့ ကင်မရာကြီးကို မှာခွင့်ပေးတယ်။ အဲဒီတော့မှ ကားက သပ်သပ်ရပ်ရပ်နဲ့ ပြန်ဖြစ်သွားတယ်။ ပထမရိုက်တာလည်း သုံးတာပေါ့လေ။ နောက်ကင်မရာလည်း သုံးတယ်။ အဲဒီတုန်းက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မွေးဖွား လာခဲ့တာဆိုရင် တော်တော်လေး ကောင်းပါတယ်။

ကြည်စိုးထွန်း ။ ။ ပထမ စရိုက်တဲ့အခါ ကျွန်တော်ကြားဖူးတာကတော့ မင်းသား မင်းသမီးတွေကလည်း မိတ်ကပ်သဘောနားမလည်တော့ မျက်နှာချေ ပေါင်ဒါတွေနဲ့ ပုတ်ပြီးတော့ရိုက်တယ်။ မျက်ခုံးမွှေးဆိုရင်လည်း ဘာနဲ့လဲ မသိဘူး။ မီးခြစ်ဆံလိုဟာမျိုးနဲ့ ဆွဲတာလား မသိဘူး။

ဦးပြည့်စုံ ။ ။ မဟုတ်ဘူး တရုတ်မင်ချောင်း။ အမွှေးတိုင်တွေရဲ့ အပတ်ကလေးတွေက အနီပါတာကိုး။ အဲဒါတွေ နဲ့ ဆိုးတာပေါ့။

ကြည်စိုးထွန်း ။ ။ နှုတ်ခမ်းဆိုးတာလား။

ဦးပြည့်စုံ ။ ။ ဟုတ်တယ်။ ဟုတ်တယ်။ ပြီးသွားတဲ့ အခါကျတော့ ပထမမြန်မာ့ရုပ်ရှင်ကတည်းက ဦးထွန်းရှိန် ဈာပနကို ဦးအုန်းမောင်တို့က ရိုက်ပြီးတဲ့အခါကျတော့ ကုလားက သူတို့ထုံးစံက ဟိုတုန်းက အပိုင်ဝယ်ရတာကိုး။ နိုင်ငံခြားကားလည်း အပိုင်ဝယ်ပြတာ။ တစ်ပေကိုတစ်ကျပ်နဲ့ သူတို့ဝယ်တယ်။ အဲဒါ ရောင်းလိုက်ရတယ်။ ကုလားကတော့ တော်တော်ပွသွားတာပေါ့။ ဦးအုန်းမောင်တို့ကတော့ အဖတ်တင်တာ နာမည်ကျော်တာပဲ ရှိတယ်။

ကြည်စိုးထွန်း ။ ။ ဘယ်လောက်လောက် ရှိမလဲဆရာ။ ပေ ၂၀၀ လောက်ရှိမလား။

ဦးပြည့်စုံ ။ ။ ပေ ၂၀၀၊ ပေ ၂၀၀။

ကြည်စိုးထွန်း ။ ။ ပေ ၂၀၀ ဆိုတော့ ငွေ ၂၀၀ ရတာပေါ့။

ဦးပြည့်စုံ ။ ။ “မေတ္တာနဲ့ သူရာ”ကျတော့မရောင်းဘူး ဆိုပြီးတော့ ရုံလိုက်ရှာတော့ ဘီအေအေဂရောင်းရှေ့မှာ။

ကြည်စိုးထွန်း ။ ။ ခုဗိုလ်ချုပ်အောင်ဆန်း ဘောလုံးကွင်းပေါ့။

ဦးပြည့်စုံ ။ ။ အောင်ဆန်းကွင်းပေါ့ ။ဘူတာရုံရှေ့က။ အဲဒီမှာ သူတို့က မီးစက်ကလည်း လမ်းကြိတ်စက်နဲ့ တွဲရတာ။ လမ်းကြိတ်စက်မောင်းတော့မှ အဲဒီကရတဲ့ current နဲ့ ရုပ်ရှင်ပြရတယ်။ နေရာကလည်း သိပ်ခေါင်တော့ ဘယ်သူမှ မသိဘူး။

ကြည်စိုးထွန်း ။ ။ အဲဒီတုန်းက အဲဒီနေရာက ခေါင်တယ်ပေါ့။

ဦးပြည့်စုံ ။ ။ အဲဒီတုန်းက ကျွန်တော်တို့တွေက မသိဘူးပေါ့ဗျာ။ သမိုင်းဆိုတာက နှိုက်ရင်းနှိုက်ရင်းနဲ့ပဲ အမှန်ကို တွေ့တာပေါ့။ အဲဒီတော့ ကျွန်တော်က အဲဒီမှာ သွားတွေ့တာက အောက်တိုဘာ ၁၃ ရက်၊ ရွိုင်ရယ်ရုံ ဦးညီပုတို့ သွားပြောတော့ ဆရာကြီး ဆရာကြီးတို့က နိုဝင်ဘာ ၃ ရက်လို့ ပြောထားတယ်။ ဟုတ်တယ်တဲ့။ နိုဝင်ဘာ ၃ ရက်က Second Show တဲ့ ဒါကပထမပြတာ။ ဘယ်သူမှမကြည့်လို့။

ကြည်စိုးထွန်း ။ ။ စီနီမာ ဒီပဲရစ်မှာ ထင်တယ်။ နိုဝင်ဘာ ၃ ရက် ပြတာက။

ဦးပြည့်စုံ ။ ။ ရွိုင်ရွယ်ရုံပြတဲ့အကြောင်းကို ဦးဘဂျမ်းက ရေးထားတယ်။ ဒါပေမယ့် သူက ဘယ်နေရာရယ်လို့ မပြဘူး။ ရွိုင်ရယ်စီနီမာလို့ပဲ ပြထားတယ်။

ကြည်စိုးထွန်း ။ ။ အဲဒီရုံက ရွက်ထည်ရုံထင်ပါတယ်နော် ဆရာ။ နောက်ကျတော့ ပြောင်းသွားတယ်ထင်တယ်။ ရုံတွေရဲ့သမိုင်းကို ကြည့်လိုက်‌တော့ ဆရာရယ်။ အဲဒီဘီအေအေဂရောင်းကဟာလည်း ပျောက်တယ်။ ကျွန်တော်တို့ခုနက စီနီမာဒီ ပဲရစ်တို့၊ အယ်လဖင်စတုန်းတို့ဆိုတဲ့ အဲဒီ ဗိုလ်ချုပ်ဈေးထဲကဟာတွေလည်း နောက်ကျတော့ ဟိုဘက်ရွိုင်ရယ်တို့ ပြောင်းသွားတာပေါ့နော် ဆရာ။ ဟုတ်ပါပြီ ဆရာ။ အဲဒီတော့ အခု ဟာက ဘားမားဖလင်ကပေါ့နော်။

ဦးပြည့်စုံ ။ ။ ဘားမားဖလင် ဆိုတာက ဦးအုန်းမောင်တို့က Share Holder တွေပဲ။ ဒါပေမယ့် ခုနစ်ကားပဲ ရိုက်ရတယ်။ သတင်းကားပါနဲ့ဆို ရှစ်ကားပေါ့။ “တစ်သက်လုံး ဖုံးသမျှ ကုန်းတော့မှပေါ်” ဆိုတဲ့ကား၊ သူက အမှန်က နာမည်က “ချစ်သမျှကို” ဗျ။ ဒါပေမယ့် တွင်သွားတာက “တစ်သက်လုံး ဖုံးသမျှ ကုန်းတော့မှပေါ်” ဆိုတဲ့ကား၊ မြေးလေးကို ဆင်လုပ်စီးခိုင်းတာ။

 

C-6

 

ကြည်စိုးထွန်း ။ ။ ဆရာဦးသုခက နေပြီးတော့မှ ကောလိပ်ဂျင် နေဝင်းနဲ့။

ဦးပြည့်စုံ ။ ။ “အကာက အချစ်-အနှစ်ကမေတ္တာ”။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ် ဆရာရယ်။

ဦးပြည့်စုံ ။ ။ ဆရာကတော့ ပြောင်းလိုက်တယ်လေ။ သူက ဒေါ်စိန်ခင်ကို ထည့်လိုက်တယ်။ ဟိုတုန်းကတော့ လူရွှင် တော်ဗျ၊ လူရွှင်တော်အဖိုးကြီး။ သူကပို့ရတဲ့ ဇာတ်ပို့ပေါ့။

ကြည်စိုးထွန်း ။ ။ ဒီမှာတော့ ဒေါ်စိန်ခင်က အကယ်ဒမီ ရသွားတာပဲ ဆရာ။

ဦးပြည့်စုံ ။ ။ ကောင်းပါတယ်။ ဆရာပြောင်းလိုက်တာကိုး။

ကြည်စိုးထွန်း ။ ။ ဘားမားဖလင် ပြီးတော့ကာ ပေါ်လာတဲ့ ကုမ္ပဏီက။

ဦးပြည့်စုံ ။ ။ ဘားမားဖလင်ပြီးတဲ့နောက်မှာ မြန်မာအဆွေပဲ။ မြန်မာအဆွေကို ဦးအုန်းမောင်ကနေ ရှယ်ယာ ခွဲလိုက်ပြီးတော့ အဲဒီက ကားထုပ်တွေကို မြန်မာအဆွေကို ငှားခိုင်းတာ။ မြန်မာအဆွေက ယူလိုက်ရတာပေါ့။

ကြည်စိုးထွန်း ။ ။ ကျွန်တော်တို့နဲ့ တော်တော်ဝေးသွားပြီ ဆရာ။ ကျွန်တော်တို့ မွေးတောင် မမွေးသေးဘူး။ အဲဒီတော့ ဘားမားဖလင်က ရုပ်ရှင်ကားတို့ နောက်တစ်ခါ မြန်မာအဆွေက ရုပ်ရှင်ကားတို့ ကျွန်တော်တို့က မကြည့်ခဲ့ရဘူး ဆရာ။ ကျွန်တော်တို့က ဘယ်ခေတ်ရောက်မှ ကြည့်ရလဲဆိုတော့ အေဝမ်းကုမ္ပဏီတို့၊ နောက်တစ်ခါ ဗြိတိသျှဘားမားကုမ္ပဏီတို့၊ နောက်တစ်ခုက ပဲရော့တို့ ဒါတွေကျတော့ ကျွန်တော်တို့နဲ့ ရင်းနှီးလာတာပေါ့။ အဲဒီတော့ ဗြိတိသျှဘားမားကုမ္ပဏီက ထွက်တဲ့ကားတွေနဲ့ ဒါရိုက်တာတွေအကြောင်းလည်း ပြောပေး ပါဦးဆရာ။

ဦးပြည့်စုံ ။ ။ ဦးငြိမ်းမောင်ဆိုတာ ကင်မရာမန်း။ ဦးညွန့်ရယ်၊ ဦးငြိမ်းမောင်ရယ်၊ ဦးဘထွန်းဆိုတာ တူပေါ့။ ဦးသစ် တို့၊ ဦးအုန်းဖေတို့၊ ဦးဘဉာဏ်တို့၊ ဦးစံတို့၊ ဦးဖိုးဆင်တို့၊ ဦးမောင်ကြီးတို့၊ ဦးဘကျော်တို့ ကလည်း ငွေရင်းသုံးသောင်းခြောက်ထောင်နဲ့ စပြီးတော့ လုပ်တာပေါ့။

ကြည်စိုးထွန်း ။ ။ ဟိုတုန်းက သုံးသောင်းခြောက်ထောင်ကလည်း အများကြီးပေါ့။

ဦးပြည့်စုံ ။ ။ အများကြီးပေါ့။ အခုဆို သိန်းပေါင်းများစွာပေါ့။ အဲဒါ သူတို့တွေ ပထမဇာတ်ထုပ်ကိုးထုပ်ကို သုံးနှစ် အတွင်းမှာ ရိုက်တာ။ “ဗုဒ္ဓဝင်” ဆိုတဲ့ ကားမှာ တော်တော်လေးကုမ္ပဏီက ယိုင်သွားတယ်။

ကြည်စိုးထွန်း ။ ။ ဗြိတိသျှဘားမားက စရိုက်တာက။

ဦးပြည့်စုံ ။ ။ “သစ္စာနဲ့ မေတ္တာ”က စရိုက်တယ်။

ကြည်စိုးထွန်း ။ ။ အဲဒါလေးကတော့ အောင်မြင်သွားတယ်။

ဦးပြည့်စုံ ။ ။ အဲဒါကတော့ ကာလပေါ်တွေကိုး။ နောက်ဆုံး “ဗုဒ္ဓဝင်” သွားရိုက်တာမှာ ယိုင်သွားတယ်။

ကြည်စိုးထွန်း ။ ။ ဪ ဘယ်လိုကြောင့်လဲ ဆရာ။

ဦးပြည့်စုံ ။ ။ ယိုင်သွားတာက ၁၉၂၅ မှာ မန္တလေးတက်ရိုက်တော့ ကားကလည်း မပြီးဘူး။ ရုံတောင် မတင်လိုက်ရဘူးထင်တယ်။ ကုမ္ပဏီက ယိုင်သွားတာမှာ စိတ်ပျက်သွားပြီး ရှယ်ယာတွေ ပြန်ခေါပြီးတော့ စတန့်ကား ရိုက်တာပေါ့။ “မင်းခေါင်” တို့၊ “ရဲခေါင်”တို့ ဆရာခန့်ကနေ ရိုက်တော့မှ ပြန်ပြီးတော့ ပိုက်ဆံရတယ်။ အက်ရှင်ကားရိုက်တာ‌ပေါ့။

ကြည်စိုးထွန်း ။ ။ အက်ရှင်ကားက အဲဒါစရိုက်တာပဲလား ဆရာ။

ဦးပြည့်စုံ ။ ။ ဟုတ်တယ်။ စတန့်ကားမဟုတ်ဘူး။ သူက အက်ရှင်ဆိုတာကတော့ သေနတ်ပစ်ရတယ်။ ဓားပြတိုက်တာတို့ ဘာတို့တိုက်တာ ခိုက်တာတွေပေါ့။ နောက် ၁၉၃၀ ကျတော့ ကုမ္ပဏီ လီမိတက် ဖြစ်သွားတယ်။ ဦးညွန့်က တော်တော်များများ ပိုင်သွားတာပေါ့။

ကြည်စိုးထွန်း ။ ။ ဦးညွန့်ကတော့ စနစ်ကျတယ်။ စည်းကမ်းရှိတယ်။ နောက်ပြီးတော့ အုပ်ချုပ်ရေးကောင်းတယ်။ လူတွေကိုလည်း ပျော်အောင်မွေးထားတယ်ဆိုတော့ ကားထွက်လည်း များတယ်။ နာမည်လည်း ကြီးတယ်။

ဦးပြည့်စုံ ။ ။ သူက ချီးမြှင့်ထိုက်တဲ့သူကို ချီးမြှင့်တာ။ ရောက်တာနဲ့ မောင်ရင်အိမ်ဆောက်ဆိုပြီးတော့ Advance ငွေပေးလိုက်တာ။ ဇာတ်လိုက်တွေ၊ ဒါရိုက်တာတွေကို တစ်ခါတည်း အိမ်ကို အရင်ဝယ်ခိုင်းတာ။

ကြည်စိုးထွန်း ။ ။ ဗြိတိသျှဘားမားကနေပြီးတော့ ထင်ထင်ရှားရှား ထွက်လာတဲ့ ဒါရိုက်တာတွေက ဘယ်သူပါလဲ ဆရာ။

ဦးပြည့်စုံ ။ ။ ဦးညွန့်ကလည်း စနစ်ကကောင်းတယ်လေ။ ကောင်းတာက ဦးဉာဏကို သူက ဆရာတင်ထားတာကိုး။ စာရေးဆရာပေါ့။ အဲဒီတော့ ဦးဉာဏက နေပြီးတော့ ကဏ္ဍခွဲတာကိုး။ ဥပမာ ဦးဘဇင်ဆို သိုက်သမိုင်း။ ဆရာခန့်ဆို အဆို၊ အက။

ကြည်စိုးထွန်း ။ ။ ဒါဆို ဣတ္ထိယတို့ ဘာတို့က ဆရာခန့်ပေါ့။

ဦးပြည့်စုံ ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ နောက်ပြီးတော့ ကျော်မိုး ဆိရင် စတန့်ကား။ ဆရာရွှေတို့။ ဆရာရွှေ အရင်ရိုက်တာပေါ့။ ဆရာရွှေရိုက်ပြီးမှ ကျော်မိုးရောက်လာတာ။ ဦးအောင်မြတ်တို့ ဘာတို့က စတန့်တွေ။ အဲဒီတော့ သူ့ကဏ္ဍနဲ့သူပေါ့။ ဦးဉာဏဆိုရင် ခေတ်ပြုပြင်ရေးသူက။ ဦးဉာဏကတော့ တကယ်ကုမ္ပဏီမှာ အန္တေဝါ သိကပေါ့ဗျာ။ ဆရာကြီးပေါ့။

ကြည်စိုးထွန်း ။ ။ ဆရာကြီးလည်း ဖြစ်လောက်ပါတယ် ဆရာ။ စိတ်ကူးဉာဏ်ကောင်းတာကိုး။

ဦးပြည့်စုံ ။ ။ ဟာ ဦးဉာဏက တကယ့်ဘရိန်းကောင်းတဲ့ ပုဂ္ဂိုလ်ပဲ ဟုတ်တယ်မလား။ အဲဒီတော့ ဗြိတိသျှ ဘားမားက ကြီးပွားတာ။ ဦးဉာဏကြောင့်ပဲ။

ကြည်စိုးထွန်း ။ ။ ဆရာ အခုဗြိတိသျှဘားမားအကြောင်း ပြောတဲ့အထဲမှာ ကျားဦးသိန်းမောင်ဆိုတာ ကျွန်တော် ကြားဖူးတယ် ဆရာ။ ကျားဦးသိန်းမောင်လို့ ဘာကြောင့် အဲဒီနာမည်ရသွားတာလဲ ဆရာ။

ဦးပြည့်စုံ ။ ။ ဪ- ကျားဆိုတဲ့ ဇာတ်ကားရိုက်တယ်လေ။

ကြည်စိုးထွန်း ။ ။ ဪ-ကျားဆိုတဲ့ ဇာတ်ကားရိုက်လို့ ကျားဦးသိန်းမောင်လို့ ခေါ်တာပေါ့။ ကျားဦးသိန်းမောင်ရိုက်တဲ့ အထဲမှာ ညီအစ်ကိုနှစ်ယောက် ဇာတ်လမ်းရှိတယ်ဆရာ။

ဦးပြည့်စုံ ။ ။ ဪ - အဲဒါ “မင်းအာဏာ”။

ကြည်စိုးထွန်း ။ ။ “မင်းအာဏာ” အကြောင်းပြောပါဦး ဆရာ။

ဦးပြည့်စုံ ။ ။ “မင်းအာဏာ”က မူလဇာတ်ကားက ဝေါလေ့စ်ဘယ်ရီပါတဲ့ အင်္ဂလိပ်ကား။ အဲဒီဟာကို ဦးမောင်ကြီးကလည်း ယူရိုက်တယ်။ “ဝတ္တရား”ဆိုပြီးတော့။ နောက်ပြီးတော့ ဦးဉာဏကလည်း “မင်းအာဏာ” ဆိုပြီးတော့ ရိုက်တယ်။

ကြည်စိုးထွန်း ။ ။ ဦးဉာဏက ရိုက်တာလား။

ဦးပြည့်စုံ ။ ။ ဦးဉာဏကရေးတာ။ စတားရုံမှာ ပြတာပေါ့။

ကြည်စိုးထွန်း ။ ။ မင်းသားတွေကရော။

ဦးပြည့်စုံ ။ ။ မင်းသားက ‘ကျော်ညွန့်’နဲ့ချစ်ရွှေ’နဲ့ ။

ကြည်စိုးထွန်း ။ ။ ဆရာ ရေးထားတာ တွေ့တယ်။ ဆရာက အဲဒီကားထဲမှာ မျက်ရည်တောင်ကျတယ်ဆိုတာ ပြောပြပါဦး ဆရာ။

ဦးပြည့်စုံ ။ ။ ဟုတ်ကဲ့၊ ကျွန်တော်က သိပ်ဖီလင် များလွန်းအားကြီးတယ်။ အဲဒီကားက ကောင်းလွန်းအားကြီး လို့ ဘတ်စ်ကားသမားတွေဆို မင်းအာဏာ သီချင်းပဲ ဆိုနေတာ။

ကြည်စိုးထွန်း ။ ။ သီချင်းလေးက ဘယ်လိုလဲ ဆရာ။

ဦးပြည့်စုံ ။ ။ သီချင်းက “ကိုကိုရယ်။ ရာထူးတိုးအောင် ညီညီအဖမ်းခံပါ့မယ်” ဆိုတာ ပိုထိတာပေါ့။ “ဝတ္တရား”ကတော့ သားအဖသွားလုပ်တော့ သားအဖကျတော့ ခင်မောင်ရင်နဲ့ ဦးမောင်ကြီးနဲ့ ။ သားအဖက ဒီလောက်မလွမ်းရဘူးပေါ့။ ညီအစ်ကိုကတော့ ပိုထိတာပေါ့။

(ဆက်လက်ဖော်ပြပါမည်)

 

c5+