ဝေဒနာရှင်များ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ ဝိုင်းဝန်းဖေးမကူညီစို့

အိသူ

 

ဇွန်လရဲ့ နောက်ဆုံးရက် မိုးရေတွေထဲမှာ စိတ်ကျန်းမာရေး ဆေးရုံကြီးကိုရောက်ခဲ့တယ်။ ၁၉၂၆ ခုနှစ်က စဖွင့်ခဲ့ပြီး ကိုယ်တွေ ငယ်ငယ်ကတော့ ၈ မိုင်မှာ တံတားကလေး တို့၊ စိတ္တဇဆေးရုံတို့ စသဖြင့် နာမည်ကြီးခဲ့တာ။ အခုတော့၂၀ဝဝ ပြည့်နှစ်က လူနာတွေကို စတင်ရွှေ့ပြောင်းပြီး ဒဂုံအရှေ့ပိုင်းမြို့နယ်မှာ ခုတင် ၁၂၀ဝ ဆံ့ စိတ်ကျန်းမာရေး ဆေးရုံကြီး (ရွာသာကြီး)ဆိုပြီး ရှိနေပါပြီ။

ပုညဂဝေသီ စုပေါင်းအလှူရှင်များ၊ ဈာနသုခစုပေါင်း အလှူရှင်များနဲ့ ခုနစ်ရက်သားသမီး စေတနာရှင်များ စုပေါင်းပြီး ပုဆိုး၊ ဘောင်းဘီ၊ အင်္ကျီ၊ ဆပ်ပြာ၊ လစဉ်သုံး ပစ္စည်းများ၊ မုန့်၊ သကြားလုံး စသဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ကိုးသိန်း သုံးသောင်း နှစ်ထောင်ကို သွားရောက်လှူဒါန်းတာ ဖြစ်ပါတယ်။

ကိုယ့်အနေနဲ့ ဒဂုံအရှေ့ပိုင်းမှာရှိတဲ့ စိတ်ကျန်းမာရေး ဆေးရုံကြီးကို ဒါပါနဲ့ဆိုမှ ဒုတိယအကြိမ်သာ သွားရောက်ဖူး ခြင်းပါ။ ပထမအကြိမ်ကတော့ သူငယ်ချင်းမွှေးသီတာသိန်း က သူ့မွေးနေ့အတွက် နေ့လယ်စာ လှူဒါန်းတယ်ဆိုလို့အတူလိုက်ပါသွားတာပါ။ အခုတစ်ခေါက်လည်း သူငယ်ချင်း အေးအေးအောင်က ကားစီစဉ်ပေးလို့ ကိုယ်ထိလက်ရောက်သွားရောက်လှူဒါန်းဖြစ်ခဲ့လို့ ကြည်နူးမိပါတယ်။

မွန်းလွဲ ၂နာရီမှ လှူဖို့ချိန်းထားပေမယ့် ကြိုရောက်နေကြပြီး စိတ်လှုပ်ရှားနေကြပါတယ်။ လူနာတွေက ၁၂ နာရီကနေ၂နာရီကို နားချိန်၊ အိပ်ချိန်ပေးထားလို့ ၂ နာရီနောက်ပိုင်းမှ လှူဒါန်းဖြစ်ကြတာပါ။ မာမာသန်းခင်က တစ်ခေါက်မှ မရောက်ဖူးလို့ ]]အိသူ သူတို့က ဘယ်လိုလဲဟင်၊ တစ်ခုခုဆို အိသူနားကပ်နေရမယ်၊ ကြောက်ဖို့ကောင်းလားဟင်၊ သနားစရာလေးတွေနော်}}နဲ့ စိတ်လှုပ်ရှား နေပါတယ်။ ကားသုံးစီးနဲ့သွားကြပြီး လူစုံ၊ ပစ္စည်းစုံတော့ရုံးခန်းရှေ့မှာ အမှတ်တရဓာတ်ပုံရိုက်ကြပါတယ်။ ရုံးခန်း ဘေးမှာတော့ ပြင်ပလူနာဌာနရှိပြီး လူနာအသစ်တွေလည်း လာပို့နေတာတွေ့ရပါတယ်။အဲဒီမှာ “အများ သိစေရန်” ဆိုပြီး ဆိုင်းဘုတ်ကြီး ချိတ်ထားတယ်။

၁။ (က) စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတွေကိုသာ ကုသတဲ့ဆေးရုံဖြစ်တယ်။

(ခ) စိတ်ရောဂါ၊ အရက်၊မူးယစ်ဆေးစွဲရောဂါကိုကုသနိုင်ဖို့ လူနာရဲ့ကိုယ်ခန ̈ာကျန်းမာရေး အသင့်အတင့်တော့ ကောင်းရပါမယ်။

(ဂ) ကိုယ်ခန ̈ာကျန်းမာရေး ဆိုးရွားရင်တော့အထွေထွေရောဂါကုဆေးရုံကြီးမှာ ပထမ ဦးစွာကုသဖို့ လိုပါတယ်။

၂။ လူနာလာပြတဲ့အခါ လူနာရဲ့မိသားစု (သို့) ဆွေမျိုး (သို့) အုပ်ထိန်းသူပါရမယ်။

၃။ အတွင်းလူနာတွေ တခြားရောဂါဖြစ်ရင် အထွေထွေကုဆေးရုံကြီးကိုလွှဲပြောင်းပေးမှာဖြစ်ပြီး လူနာရှင်များက အတူလိုက်ပါဖို့၊ အဲဒီဆေးရုံတွေမှာ ကုသဖို့အတွက်တာဝန်ယူရပါမယ်။

၄။ လူနာရှင်ရဲ့လိပ်စာ အတိအကျ လိုအပ်ပါတယ်။

၅။ အတွင်းလူနာအဖြစ် လိုအပ်တဲ့စာရွက်စာတမ်း တွေကတော့

(က) လူနာရှင်ရဲ့ သန်းခေါင်စာရင်း မူရင်း (သို့) မိတ္တူ။

(ခ) သက်ဆိုင်ရာ ရ.ယ.က မှ လူနာ၏ လက်ရှိနေရပ်လိပ်စာ မှန်ကန်ကြောင်းနဲ့ လိုက်ပါ ပို့ဆောင်သူ၏ လူနာနှင့် ဆွေမျိုးတော်စပ်ပုံထောက်ခံချက်။

(ဂ) ရပ်ဝေးမှ လာရောက်သူများအတွက် တည်းခိုအိမ်၏ ဧည့်စာရင်း။

 

၆။ ရဲတပ်ဖွဲ့မှ လာရောက် ပို့ဆောင်သူဖြစ်ပါက

(က) သက်ဆိုင်ရာ ရဲစခန်းမှ ရုံးစာ။

(ခ) လာရောက်ပို့ဆောင်သော ရဲတပ်ဖွဲ့ဝင်၏ အမည်နှင့် ကိုယ်ပိုင်အမှတ်။

(ဂ) လူနာ၏ နေရပ်လိပ်စာနှင့် လိုက်ပါလာသူ၏ အမည်နှင့် နေရပ်လိပ်စာ။

(ဃ) လူနာပိုင်ရှင် (သို့) အုပ်ထိန်းသူ (သို့) ဆွေမျိုးတော်စပ်သူတစ်ဦးဦး တစ်ပါတည်း ခေါ်ဆောင်လာရန်။

 

၇။ ရ.ယ.က မှ လာရောက်ပို့ဆောင်မည်ဆိုပါက

(က) သက်ဆိုင်ရာ ရ.ယ.က ၏ ရုံးစာ။

(ခ) လူနာ၏ ဆွေမျိုး (သို့) အုပ်ထိန်းသူ လိုက်ပါ လာရန်။

 

၈။ ဝန်ထမ်းတစ်ဦးအား ဌာနဆိုင်ရာ မှ ဆေးစစ်ရန် (သို့) ဆေးကုသရန် စေလွှတ်ပါက သက်ဆိုင်ရာဌာန၏ ရုံးစာ။စိတ်ကျန်းမာရေးဆေးရုံကြီးမှာ အကြမ်းဖျင်း လူနာ ၁၅၀ဝ ရှိပြီး လူနာအမျိုးအစားကတော့ စိတ်ကစဉ့်ကလျား ရောဂါသည်၊ စိတ်အတက်အကျများတဲ့ ရောဂါသည်၊ အရက်/ မူးယစ်ဆေးစွဲရောဂါသည်နဲ့ WY ဆေးပြားသမားတွေဖြစ်ပါတယ်။ လူနာ ၁၅၀ဝ မှာ အမျိုးသား ၉၀ဝ ကျော်နဲ့အမျိုးသမီး ၅၀ဝ ကျော်တို့ ဖြစ်ကြပါတယ်။ ဘာလို့အမျိုးသားလူနာများသလဲဆိုရင် အရက်/ မူးယစ်လာဖြတ်တဲ့လူနာ ပိုများလို့ပါတဲ့။ လူနာတွေအတွက် ဆေးက လုံလောက်တယ်လို့ဆိုနိုင်အောင် အစိုးရနဲ့ NGO အဖွဲ့အစည်းတွေက လာရောက်လှူဒါန်းကြတာ များပါတယ်တဲ့။

ဒီဆေးရုံမှာက တာဝန်ကျ ဆရာဝန်၊ ဆရာမတွေက လူနာကို ဆေးတကယ်သောက်၊ မသောက်၊ မျိုချ၊ မချ စစ်တော့ များသောအားဖြင့် လူနာတွေက သက်သာ ကြတယ်လို့ ဆိုပါတယ်။ ပြီးတော့ တစ်နေ့ကိုလည်း ထမင်း သုံးနပ်ကျွေးတဲ့အတွက် အစားအသောက်လည်း မှန်ပြီး ကျန်းမာလာကြပါတယ်တဲ့။ ဒါကြောင့် တချို့လူနာတွေပျောက်ကင်းပြီး အိမ်ပြန်ကြတာမျိုးရှိပေမယ့် တချို့ကျတော့လည်း သက်သာလို့ အိမ်ပြန်လိုက်၊ ပြန်ဖြစ်လို့ပြန်ရောက်လာလိုက်နဲ့ သုံးကြိမ်လောက်အထိ သွားလိုက်လာလိုက်နဲ့ နောက်ပိုင်းကျတော့ အိမ်ကလာမခေါ်တော့တာတွေ များလာတယ်တဲ့။ ဒါကြောင့် တချို့ အဆောင်က ယောကျာ်းလူနာ ၁၆၀ ကျော်မှာ မိသားစုက လာပြီးဆက်သွယ်တာ ၁၀ ယောက်လောက်ပဲရှိတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဒီရောက်လာတဲ့သူတွေ အတော်များများ နှစ်အတော်ကြာရှိနေတဲ့သူတွေ များပါတယ်။ ဆေးရုံတစ်ခုလုံးအနေနဲ့ဆိုရင် ပိုင်ရှင်မဲ့လို့ခေါ်ရမယ့် မိသားစုက ပစ်ပယ်ထားတဲ့ လူနာတွေဟာ ၆၀ဝ ကျော်လောက်တောင်ရှိနေပြီလို့ ဆိုပါတယ်။

ယုံတမ်းစကားတစ်ခုဆိုရင် အင်းလျားလမ်းက အပျိုကြီး တစ်ယောက်လည်း ရှိနေပါသတဲ့။ ရောဂါဖြစ်လာလို့သူ့မိသားစုကလာပို့ပြီး သူပိုင်တဲ့အိမ်ကို သူ့မိသားစုတွေကပဲ ရောင်းလိုက်တာတဲ့။ လာလည်းမခေါ်၊ ဆက်သွယ်ရမှန်းလည်းမသိ၊ နောက်တော့ အဲဒီအထဲမှာပဲနေလာတာ နှစ်ပေါင်းအတော်ကြာပြီပြောတယ်။ သနားပါတယ်။ ခက်တာက ဆေးရုံကဆင်းသွားတဲ့ လူနာတချို့ဟာ တချို့ဝေးလံတဲ့နေရာကဆိုရင် သူတို့နေရပ်မှာ ကျွမ်းကျင်ဆရာဝန်ရှားပါးတာ၊ ဆေးရုံပြန်ပြဖို့လည်း ပြန်ပြစရာနေရာမရှိတာ၊ သွားလာဖို့ အခက်အခဲရှိတာ စတာတွေကြောင့် ဆေးနဲ့အလှမ်းဝေးနေရာက ပြန်ဖြစ်တာများလာတယ်လို့ ဆိုတယ်။

နောက်တစ်ခါ ဆေးရုံဘက်ကလည်း လူနာနဲ့ ဆရာဝန်၊ ဆရာမဝန်ထမ်းက အချိုးမကျပါဘူး။ လူနာတွေများပြားတဲ့အတွက် တစ်ယောက်ချင်းစီကို အချိန်ယူကုသပေးဖို့ အခက်အခဲရှိနေပါတယ်။ ဆေးရုံမှာရှိတဲ့ဝန်ထမ်းကလည်း နည်းပါး တဲ့အတွက် ခုနက ပိုင်ရှင်မဲ့လူနာတွေထဲကလည်း လူနာအချင်းချင်း ဖေးမကူညီပေးကြတယ်လို့ ဆိုပါတယ်။ လော လောဆယ်မှာတော့ ဆေးဝါးကုထုံး၊ စိတ်ကုထုံး၊ လူမှုရေး ကုထုံးတွေနဲ့ ကုသပေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်ကိုယ်တွေရောက်ခဲ့တဲ့ အဆောင်တွေကတော့ အပြင်ပန်း အနေနဲ့ သန့်ရှင်းမှုအားကောင်းတာ တွေ့ရပါတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အလှူရှင်များကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ပျမ်းမျှ လူနာ ၁၅၀ဝ အတွက်တစ်နေ့တာ အာဟာရလှူဒါန်းမှုများကို ၁.၁.၂၀၁၆ ရက်က စပြီး ကျသင့်ငွေ သတ်မှတ်ထားပါတယ်။နံနက်စာအတွက် ပဲပြုတ်-ထမင်းဆီဆမ်း၊ ပဲပြုတ်-ထမင်းကြော်၊ ခေါက်ဆွဲကြော် ငွေ$ကျပ် နှစ်သိန်း။ ကြက်သား ဆန်ပြုတ်၊ နို့ဆန်ပြုတ်၊ သာကူ ငွေကျပ် ၁၅၀ဝဝဝ။ ကြက်ထမင်းကြော်၊ ကြာဆံကြော် ငွေကျပ် သုံးသိန်း။ မုန့်ဟင်းခါး ငွေကျပ် လေးသိန်း။ လက်ဖက်ရည်-ပေါင်မုန့်ငွေကျပ်၂၄၀ဝဝဝ။

နေ့လယ်စာအတွက် ကြက်ဥကြော် ငွေကျပ် သုံးသိန်း။ ဘဲဥ ငွေကျပ် ၃၅၀ဝဝဝ။ ငါးခြောက် ငွေကျပ် ၄၅၀ဝဝဝ၊ ကြက်သား ငွေကျပ် သုံးသိန်း။ ဝက်သား ငွေကျပ် ခုနစ်သိန်း။ ငါးပေါင်း ငွေကျပ် ၇၁၀ဝဝဝ။ အမဲသား ငွေကျပ်ရှစ်သိန်း။ ဆိတ်-ပဲ ငွေကျပ် ၉၅၀ဝဝဝ။ ဆန်တစ်အိတ် ငွေကျပ်၂၅၀ဝဝမှ ငွေကျပ် ၃၅၀ဝဝ။ အရန်ဟင်း အနေနဲ့ ငါးပိရည်-တို့စရာ ငွေကျပ် ၁၇၀ဝဝဝ။ ဗာလချောင်ကြော်ငွေကျပ်နှစ်သိန်း။ ငါးခြောက်ကျော် ငွေကျပ် ၂၅၀ဝဝဝ။ အသီးအနှံအနေနဲ့ ငှက်ပျောသီး (ဖီးကြမ်း)ငွေကျပ်၁၅၀ဝဝဝ။

 

နေ့စဉ် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲ အတွင်း ဝ၉-၇၃၁၄၁၇၄၀၊ ဝ၁-၂၃၀၆၄၀ဝ သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ကြေညာထားတာတွေ့ရပါတယ်။

ကိုယ်တွေအဖွဲ့က ပုဆိုးအသစ်များပါရှိတော့လူနာတစ်ယောက်ချင်းကို လှူဒါန်းဖြစ်ပါတယ်။ ပုဆိုးနဲ့အတူ မုန့်ထုပ်နဲ့သကြားလုံးပါဝေတော့ နည်းနည်း လည်လည်ဝယ်ဝယ်သမားတွေက ပုဆိုးရတာနဲ့ချက်ချင်း သူတို့အင်္ကျီထဲ ထိုးထည့်လိုက်တယ်။ အဲဒီတော့ မုန့်နဲ့သကြားလုံးကို အေးအေးဆေးဆေးလှမ်းယူနိုင်တာပေါ့။ တချို့ကျတော့လည်း သူများထိုင်လို့လိုက်ထိုင်၊ ထထ ဆိုလို့ထ၊ ကိုယ်တွေ ပုဆိုးကမ်းပေးတာကို လက်နှစ်ဖက်နဲ့ယူ။ ငူငူငိုင်ငိုင်နဲ့ မုန့်ပေးနေတာလည်း မတွေ့ဘဲကျော်တက်သွားလို့ သူတို့ဝန်ထမ်းတွေက အတင်း လိုက်ဆွဲ၊ “မုန့်ယူဦး၊ သကြားလုံးပေးနေတယ်လေ”နဲ့အော်ဟစ်ပြောနေရပါတယ်။ တချို့ ကျတော့လည်း “ပေးဦး”ဆိုပြီး လက်ကလေးထပ်ဖြန့်ပြီး တောင်း ပါတယ်။ တစ်ယောက်ဆိုရင်လည်း မုန့်ထုပ်ပဲယူပြီး ချက်ချင်းပါးစပ်နဲ့ ကိုက်ဖောက်နေလို့ ဘေးကဝန်ထမ်းက “နောက်မှစား၊ နောက်မှစား”ဆိုပြီး သူ့လက်ထဲ ပုဆိုးနဲ့သကြားလုံး အတင်းထည့်ရပါတယ်။ ကိုယ်တွေတောင်မုန့်ပဲသရေစာကို မျိုးစုံအောင်ဝယ်စားဖြစ်နေတာ၊ သူတို့အတွက် မုန့်ဆိုတာ အတော်ရှားတဲ့ စားစရာ ဖြစ်နေတာကိုး။

အဲဒီအထဲက တစ်ယောက်ကတော့ “သီချင်းဆိုပြ မယ်” ဆိုပြီး နှစ်ပုဒ်လောက်ကို အော်ဟစ်ဆိုပြနေပါတယ်။ အဲဒီမှာ တန်းစီတဲ့ လူနာကုန်တော့မှာဆိုတော့ “သွားတန်း စီဦး” ပြောတာကို “သီချင်းဆိုလို့ မပြီးသေးဘူး” တဲ့။ “နောက်မှ ဆိုတော့” “နောက်မှ ဆိုပြနော်၊ အခုက ဟိုဘက်အဆောင်သွားရမှာ” ဆိုတော့ မကျေမနပ်နဲ့လာတန်းစီပြီး ယူသွားလေရဲ့။ အဲဒီအဆောင်ကတော့ခုနကပြောတဲ့ မိသားစုကပစ်ထားတဲ့သူတွေများတဲ့အဆောင်ပါပဲ။ သူတို့ကို ပစ်ထားတယ်ဆိုပြီး အမြဲ ထင်ယောင်နေတတ်ကြလို့ အလှူရှင်လာရင် သူတို့အဆောင်ကို ဦးစားပေးပြီး သွားလှူဖြစ်ကြတာများပါတယ်တဲ့။

အဆောင်တွေကို သွားနေရင်းနဲ့လမ်းမှာ ဆရာမက လူနာတွေကို ဓာတ်ပုံမရိုက်ဖို့ သတိပေးပါတယ်။ အဆောင်တွေမှာလည်း ဓာတ်ပုံမရိုက်ရ ဆိုင်းဘုတ်တွေကပ်ထားပါတယ်။ နောက် အမျိုးသမီးဆောင်ကိုရောက်တော့ တံခါးဝမှာ လူနာတွေကိုယ်တိုင်လုပ်ထားတယ်ဆိုတဲ့ handmade ခေါင်းစည်းကြိုးတွေ၊ သော့ချိတ်တွေကို ရောင်းချနေတာ တွေ့ရပါတယ်။ အထဲရောက်တော့ သနပ်ခါးအဖွေးသားတွေနဲ့ မမတွေအစီအရီ တန်းစီထိုင်စောင့်နေကြပါတယ်။ သူတို့ထိုင်နေတဲ့ပုံစံက ဆောင့်ကြောင့်ထိုင်နေတဲ့ ပုံစံထိုင်ခေါ် မလားပဲ။ “ကဲ ကဲ သနပ်ခါးတွေ ကြိုက်ကြတယ်ဆိုလို့သနပ်ခါးတွေပါတယ်။ ရုံးခန်းက ပေးလိမ့်မယ်နော်”  ဆိုတော့ “ ကျေးဇူးတင်ပါတယ်”  တဲ့ အော်ကြတယ်။ သွားလှူမယ်ဆိုတော့ သနပ်ခါးသိပ်ကြိုက်ကြသတဲ့။ အရန်သင့် ရေနဲ့ဖျော်ရတဲ့ သနပ်ခါးခဲတွေက ပိုအဆင်ပြေ ပါသတဲ့။ ဘူးနဲ့ဆိုရင် ဘူးလုတာနဲ့၊ ဝှက်ထားကြတာနဲ့ဖြစ်လို့ပါတဲ့။ နောက်ပြီးတော့ အိတ်တွေ၊ ပလတ်စတစ်တွေ၊ ဘူးတွေမပါတာ ပိုကောင်းပါတယ်။ နို့မို့ဆိုရင်ဟိုပစ်ဒီပစ်နဲ့ အမှိုက်ပွ၊ ရေဆင်းလမ်းကြောင်းပိတ်ဖြစ်လို့ပါတဲ့။ နောက်လိုအပ်တာက ဆပ်ပြာခဲ။ အဲဒါ ကိုလည်း ရုံးခန်းကို အပ်ထားလိုက်ပြီး ရုံးခန်းကနေမှတစ်ဆင့် သက်ဆိုင်ရာအဆောင်တွေကို ဝေပေးတာ ပိုအဆင်ပြေပါသတဲ့။ဆေးရုံအနေနဲ့ လူနာတွေ စားသောက်ရေးနဲ့ဆေးကုသရေးကို ပိုအားစိုက်ရတော့ ဒီလိုမျိုးအသုံး အဆောင်လေးတွေကို အလှူရှင်တွေကို လှူခိုင်းဖြစ်တာ များ ပါတယ်တဲ့။ နောက် မာမာသန်းခင်နဲ့ ရွှေသွေးတို့က နှုတ်ခမ်းနီ၊ ပါးနီ၊ လက်သည်းနီတွေပါတော့ ဆရာမကသိပ်လက်မခံချင်ပေမယ့် ကိုယ်တွေအဖွဲ့ကလည်း “ဒီတစ်ခါတော့ဒီလောက်ပဲ ပါလာလို့ပါ။ နောက်တစ်ခါ လူတိုင်းစေ့ရ အောင် လာလှူဦးမယ်” လို့ ပြောရပါတယ်။ ဆရာမက “လူတိုင်းစေ့မပေးနိုင်ရင် မလှူတာကောင်းပါတယ်။ တော်ကြာ သူတို့အချင်းချင်း စိတ်ဝမ်းကွဲမှာစိုးလို့”  လို့ဆိုပါတယ်။

 

မှတ်သားစရာပါ။ ဒါကြောင့် “နောက်တစ်ခါ လာလှူ ဖြစ်ရင်တော့ နှုတ်ခမ်းနီအတောင့်သေး၊ လက်သည်းနီပုလင်းသေးလေးတွေ ၅၀ဝ လောက် ဝယ်လှူကြရ အောင်” လို့ တိုင်ပင်ဖြစ်ပါတယ်။ အဲဒီမှာ နှုတ်ခမ်းနီဝေတော့ “သမီးကို နီနီရဲရဲပေးပါ။” “ဟိုနီနီလေးပေး” နဲ့ အရောင်တောက်တောက် နီနီရဲရဲကို ပိုလိုချင်ကြပါ တယ်။ ဆရာမက ဒီလူနာတွေက စိတ်တကြွ်က၊ စိတ်ကျ ဝေဒနာသည်တွေဆိုတော့ ြွကတာများတဲ့အချိန်ဆိုအဲဒီလို နှုတ်ခမ်းနီရဲရဲဆိုးရတာကို ပိုကြိုက်ကြတယ်တဲ့။ အဲဒီက တစ်ယောက်ဆိုရင် သနပ်ခါးထူထူလိမ်း၊ နှုတ်ခမ်းနီရဲရဲဆိုးပြီး မျက်ခုံးမွေးကိုလည်း မည်းမည်း ဆိုးထားလေရဲ့။

နောက် ဝေဒနာသည်တွေက အရွယ်အမျိုးမျိုး ဆိုတော့ နည်းနည်းဝတဲ့သူအတွက် အင်္ကျီ၊ ဘောင်းဘီတွေက သိပ်အဆင်မပြေပါဘူး။ XL,XXl လိုမျိုး နည်းနည်း ဝယ်သွားနိုင်ရင်ပိုအဆင်ပြေပါမယ်။ ဘောင်းဘီဆိုတာက ပါတိတ်အပေါစား၊ ပိတ်စအရောင် တောက်တောက်တွေကိုချုပ်ထားတဲ့ ရှုံ့ကြိုးနဲ့ Quarters ဘောင်းဘီတွေလှူတာပါ။ သူတို့အတွက် ညအိပ်လည်း အဆင်ပြေပေါ့။ အင်္ကျီကတော့ T-Shirt တွေ များပါတယ်။

တိုးချဲ့ဆောင်လို့ရေးထားတဲ့ အဆောင်ကိုရောက်တော့ ကိုယ်တိုင်ပေးမလှူပါဘူး။ ယောကျာ်းလူနာတွေက နည်းနည်းကြမ်းတဲ့အပြင် နေရာကလည်းကျဉ်းတော့ကိုယ်တိုင်လှူဖို့ ဘယ်လိုမှအဆင်မပြေတဲ့အတွက်တာဝန်ကျဆရာမတွေကိုပဲ အပ်ထားခဲ့ရပါတယ်။

နောက်တစ်ဆောင်ရောက်တော့ ဆရာမက အထဲဝင်သွားပြီး တာဝန်ကျ ဆရာမကို အကျိုးအကြောင်းပြောပြ နေတုန်း အသက် ၆၀ကျော် လူရည်သန့် အမျိုးသမီးကြီးတစ်ယောက်က ကိုယ်တွေတံခါးပေါက်နားကိုလာပြီး “သူ့ကိုလာခေါ်တာလား” တဲ့။ “လာခေါ်မယ်ဆိုလို့ စောင့်နေတာ ၁၅ ရက်ရှိပြီ”တဲ့။ သူ့ကို လာခေါ်သူတွေထင်လို့ အားကိုး တကြီးနဲ့ စကားလာပြောတဲ့အမျိုးသမီးကြီးကိုကြည့်ပြီး ကိုယ့်နှလုံးသားတွေ နာကျင်နေမိတယ်။ “ကြီးမေကတော့ဒီတစ်ည ထပ်အိပ်လိုက်ပါဦး၊ နောက်နေ့လာခေါ် မှာပေါ့” ဆိုပြီး နှစ်သိမ့်တော့ “တကယ်လားဟင်။ အဘွား စောင့်နေတာ ၁၅ ရက် ရှိသွားပြီ”တဲ့။ တကယ်ပဲ ၁၅ ရက်လား၊ ဒီထက်ကြာအောင် ရောက်နေတာလား မသိပေမယ့် အသံဝဲဝဲလေးနဲ့မေးနေတဲ့ သနားစရာ စကားသံလေးကိုကြားရတာ မျက်ရည်ဝဲမိပါတယ်။

အခြားအဆောင်တွေကတော့ အရက်၊ မူးယစ်နဲ့ဆေးဖြတ်ဆောင်တွေပါ။ သူတို့ဆီကိုတော့ မရောက်ဖြစ်ပါ ဘူး။ များသောအားဖြင့် ပြတ်သွားရင် အိမ်ပြန်ကြတာများ ပါတယ်တဲ့။ ထပ်သုံးတော့လည်း ထပ်ရောက်လာတာပါပဲ။ အစ်မတစ်ယောက် ပြောဖူးတာတော့ “သူ့မောင်ရှိတုန်းက ဒီဆေးရုံကို လာတင်တာ သုံးခါ” တဲ့။ သူ့မောင်က ခုတော့ အရက်ကြောင့် ဆုံးသွားပါပြီ။ စိတ်ကျန်းမာရေးဆေးရုံမှာ လူနာတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာတာ တွေ့ရပါတယ်။ အဲဒီအတွက် အလှူရှင်တွေကတော့ အမြဲလိုအပ်နေတာပါပဲ။ ခုတင်၊ မွေ့ရာတွေကအစ အကုန်လှူဒါန်းလို့ရပါတယ်။ ဆေးဝါးတွေဆိုရင်လည်း တချို့ ဆေးတွေဟာ လူနာရှင်တွေကိုယ်တိုင် ဝယ်ပေးကြရတာတွေ ရှိပါတယ်။ ဒါကြောင့်တစ်နှစ်ကို တစ်ကြိမ် ဈေးပွဲတော်ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေကြတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလတွေမှာ ကျင်းပဖြစ်ပါတယ်တဲ့။ ကြေးမုံ