ဝါဂွမ်းမွေး ချည်မျှင်ရှည် စံချိန်ပြည့်ဝပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိသော ဝါသီးနှံမျိုးသစ် အသုံးပြုနိုင်ရေးကြိုးပမ်း

နေပြည်တော် ဇွန် ၂၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇွန်၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံများဖြစ်သော ဝမ်းတွင်းမြို့နယ် ရွှေတောင်ခြံနှင့် ကျောက်ဆည်မြို့နယ် လွန်ကျော်ခြံများတွင် ဆောင်ရွက်လျက်ရှိသည့် ဥဇဘက်ကစ္စတန် ဝါမျိုး(၈)မျိုးကို  စမ်းသပ်စိုက်ပျိုး လေ့လာမှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရာ တာဝန်ရှိသူများက စမ်းသပ်ကွက်များအလိုက် စိုက်ပျိုး ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဝါမျိုးသစ်များစမ်းသပ်စိုက်ပျိုးရာတွင် မြေစတင်ပြုပြင် သည်မှ ဝါခူးဆွတ်သည်အထိ နေ့အလိုက်၊ အပတ်လိုက်၊ လအလိုက် ဆောင်ရွက်မှုတွေ့ရှိချက်များကို  မှတ်တမ်းစဉ်ဆက်ထားရှိပြီး လုပ်ငန်းပြီးမြောက်ချိန်တွင် အားသာချက် အားနည်းချက်များအရ ဒေသတွင်းတောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် မျိုးများအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လက်ရှိစမ်းသပ်နေသော ဝါမျိုး(၈)မျိုးရှိပြီး အပင်ဖြစ်ထွန်းမှုအရ ဝါမျိုး (၆)မျိုးမှာ အလားအလာရှိသော်လည်း ရောဂါခံနိုင်ရည်ပိုင်းတွင် အားနည်းချက်များရှိနေသည့်အတွက် အထူးဂရုပြု ရန်လိုကြောင်း ဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့်အတူ ပုသိမ်ကြီးမြို့နယ်ရှိ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း (PHTTC)၏ တောင်သူနည်းပညာပေးသင်တန်းနှင့် ဌာနတွင်း နိုင်ငံဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်သင်တန်းလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများနှင့် သင်တန်းခန်းမတွင်တွေ့ဆုံ၍ မိမိတို့ကျွမ်းကျင် တတ်မြောက်ထားသော ပညာရပ်ကိုအခြေခံ၍ တာဝန်ထမ်းဆောင်နေကြသော်လည်း လုပ်ငန်းခွင်နှင့် ဆက်စပ်သည့် အသိပညာ အတတ်ပညာများကို စဉ်ဆက်မပြတ် ကြိုးပမ်းလေ့လာသွားကြရန် ဆွေးနွေး မှာကြားသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်ကော်ဖီဥယျာဉ်သို့ ရောက်ရှိပြီး ကော်ဖီ ဥယျာဉ်အတွင်း အများပြည်သူများ ကော်ဖီနှင့်ပတ်သက်၍ လာရောက်လေ့လာနိုင်ကြရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)