ဝိုင်းမော်၊ လွိုင်လင်နှင့် ကျောက်မဲမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၂ မတ်

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု၊ မခေါယန်ကျေးရွာဘုရားကုန်း အနီးတွင်တွေ့ရှိသူ မနန်းလွမ်(ခ)မယု(ခ)နှင်းယုစိုး၊ မမြနန္ဒာအောင် နှင့် မမေဇင်ထွန်း တို့အား ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၉၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀ဝ ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ နန်းလွမ်(ခ)မယု(ခ)နှင်းယုစိုးနှင့် မမေဇင်ထွန်းတို့နေထိုင်သည့် ဝိုင်းမော်မြို့နယ်၊ မိုင်းနား ကျေးရွာအုပ်စု၊ မခေါယန်ကျေးရွာ၊ ရွှေအင်းတောသဲကျောက်ကွင်း(ပျံကျတဲ)ကို ဆက်လက်ရှာဖွေရာ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၃၆၀ ၊ ဘိန်းဖြူ သုည ဒသမ ဝ၂၄၃  ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အလားတူယင်းနေ့ နံနက်၉နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ပွန်ချောင်းတံတားအနီး၊ မိုင်းပွန်-တောင်ကြီးသွား ကားလမ်းတွင် စိုင်းမြင့်စိုး(ခ)စိုင်းနောင့် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၁၅၀ဝ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀,ဝ၀ဝ ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာ အုပ်စု၊ ဗူးခါးကျေးရွာ၊ မူဆယ်-မန္တလေးသွား ကားလမ်းတွင် စိုင်းလှထွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,ဝ၀ဝ ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

MDN