ဝါကြိတ်စက် စက်မှုလုပ်ငန်း၏ လမ်းကြောင်းအသစ်များ

ကိုချင်း

ကမ္ဘာ့အဆင့်ဝါကြိတ်ခြင်းအား ခြုံငုံသုံးသပ်ချက်

ဝါသည် ကမ္ဘာတစ်ဝန်းတွင် စိုက်ပျိုးထုတ်လုပ်သော သီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာ့အထည်အလိပ် လုပ်ငန်းကိုတွန်းအားပေးမောင်းနှင်ပါသည်။ ဝါဂွမ်း၏သမိုင်းသည် မှတ်တမ်းတင်ထားသောသမိုင်းထက် သက်တမ်းပိုကြီးပြီး ၎င်းသည် စက်မှုပြုပြင်ပြောင်းလဲရေးကို လှုံ့ဆော်ပေးကာ ကမ္ဘာ့ရေပန်းအစားဆုံး သဘာဝမှရရှိသည့်အမျှင် (Fibre) ဖြစ်ပါသည်။ ၎င်းကိုအသုံးပြုရန် ပြင်ဆင်ရာတွင် ဝါကြိတ်ခြင်းသည် ဝါခူးဆွတ်ပြီးနောက် ဝါစေ့နှင့်အမျှင်ကို ခွဲထုတ်သည့် ပထမဆုံးလုပ်ငန်းစဉ်ဖြစ်ပါသည်။

ပညာရှင်တို့၏ ပြောကြားချက်အရ ဝါကြိတ်ခြင်းသည် ဝါစေ့များနှင့်အမျှင်များကို ခွဲထုတ်သည့်လုပ်ငန်းစဉ်ကို ရည်ညွှန်းပါသည်။ ဝါကြိတ်စက် (Cotton Gin) ၏ အဓိကလုပ်ငန်းဆောင်တာသည် စိုက်ပျိုးသီးနှံကို ရောင်းရလွယ်ကူသောကုန်စည်အဖြစ်သို့ ပြောင်းလဲပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် ၎င်းသည်ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်ထုတ် လုပ်မှုတို့အကြား ပေါင်းကူးတံတားဖြစ်ပါသည်။

တစ်ချိန်က ဝါကြိတ်စက်၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဝါစေ့နှင့်အမျှင်များကို ခွဲထုတ်ရန်ဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်တွင် ဝါကြိတ်စက်သည် ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါသည်။ စက်ဖြင့် ခူးဆွတ်ထားသောဝါများကို ရောင်းအားကောင်းသည့် ထုတ်ကုန်အဖြစ် ပြောင်းလဲရန်အတွက် ယနေ့ခေတ် ဝါကြိတ်စက်များသည် ဝါစေ့ကို အခြောက်ခံကာ သန့်စင်ရန်၊ အစေ့နှင့်အမျှင်များကို ခွဲထုတ်ကာ အမျှင်များကို ထပ်မံသန့်စင်၍ ကုန်သွယ်မှုအတွက် လက်ခံနိုင်သည့် ထုပ်ပိုးပုံစံဖြင့် ထားရှိရမည်ဖြစ်ပါသည်။

ဝါကြိတ်စက်သည် ငွေသားတန်ဖိုးရသည့် အမျှင်နှင့်ဝါစေ့ထုတ်ကုန်နှစ်ခုကို ထုတ်လုပ်ပါသည်။ ဝါစေ့များကို များသောအားဖြင့် အရေးကြီးသော တန်ဖိုးရှိထုတ်ကုန်များအဖြစ် ပြောင်းလဲရန်အတွက် ဝါစေ့ဆီစက်များသို့ ရောင်းချသော်လည်း အချို့ကိစ္စများတွင် ၎င်းတို့ကို စိုက်ပျိုးရန်အတွက် သိမ်းဆည်းထားနိုင်ပါသည်။ အမျှင်များသည် ပိုပြီးတန်ဖိုးရှိသော ထုတ်ကုန်များဖြစ်ပြီး ဝါကြိတ်စက်များ၏ ဒီဇိုင်းနှင့်လည်ပတ်ထုတ်လုပ်မှုသည် အမျှင်ထုတ်လုပ်မှုကို ပိုပြီးဦးတည်လေ့ရှိပါသည်။ အနှစ်သာရအားဖြင့် ခေတ်မီဝါကြိတ်စက်များသည်အစေ့နှင့် အမျှင်များကိုခွဲထုတ်ကာ အမျှင်၏မူလအရည်အသွေးများကို တတ်နိုင်သမျှနီးပါး ထိန်းသိမ်းကာ မလိုလားသည့် အမှိုက်သရိုက်များကို ဖယ်ရှားခြင်းဖြင့် ဝါဂွမ်း၏တန်ဖိုးကို မြှင့်တင်ပေးခြင်းဖြစ်ပါသည်။

လယ်ကွင်းအတွင်းရှိ ရင့်မှည့်ပြီး ပွင့်အာလာသည့် ဝါသီးကိုဆန်းစစ်ကြည့်သောအခါ ပိုးမွှားများ၊ အမှိုက်များနှင့် အခြားအပြစ်အနာအဆာများ ကင်းစင်သော လှပသောပိုးသားမျှင်များကိုတွေ့ရှိရပါသည်။ လက်ဖြင့် ဝါကြိတ်ခြင်းဖြင့် နောက်ဆုံးတွင် ကျွန်ုပ်တို့အလိုရှိသည့် အမျှင်၏အမြင့်ဆုံးအရှည် ကိုရရှိနိုင်ပြီး အထည်များသို့မဟုတ် အခြားထုတ်ကုန်များပြုလုပ်ရန် အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားသော ချည်မျှင်များကို ထုတ်လုပ်ရန်အသုံးပြုနိုင်ပါသည်။ သို့သော်လည်း ပမာဏများများ ခူးဆွတ်ပြီးနောက် ဝါကြိတ်စက်ရုံတွင် တူညီသောပမာဏကိုစက်ဖြင့် စီမံဆောင်ရွက်သောအခါ အမှိုက်များနှင့် အစိုဓာတ်အမျိုးမျိုးပါဝင်ပြီး တန်ဖိုးနည်းသော ထုတ်ကုန်ဖြစ်သည့် အမျှင်တိုသောအမျှင်ကို ရရှိပါသည်။

အရည်အသွေးမြင့် ချည်မျှင်ကုန်ကြမ်းဖြင့်သာ ကောင်းသောအထည်များကို ပြုလုပ်နိုင်သည်ကို ကျွန်ုပ်တို့အားလုံးသိပါသည်။ ထို့အပြင် ဝါဂွမ်းပြုလုပ်ရာတွင် ယှဉ်ပြိုင်မှုရှိပြီး လက်ခံနိုင်ဖွယ်ရှိသော ဝါဂွမ်း၏ ထုတ်လုပ်မှုကုန်ကျစရိတ်သည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ပါသည်။ ထို့ကြောင့် ဝါကြိတ်လုပ်ငန်းစဉ်တွင် ကုန်ကျစရိတ်အနည်းဆုံး ဖြင့် မူလအမျှင်အရည်အသွေးများအတိုင်း ထိန်းသိမ်း လုပ်ဆောင်ခြင်းဖြင့် ရည်မှန်းချက်ပြည့်မီရန် ကြိုးပမ်းအားထုတ်သင့်ပါသည်။

စက်ပစ္စည်းရွေးချယ်မှုနှင့် ဒီဇိုင်းစနစ်အတွက် အမျှင်ရှည်မှလွဲ၍ အမျှင်၏သေးသွယ်မှုနှင့်ရင့်မှည့်မှု (micronaire)၊ အစိုဓာတ်ပါဝင်မှု၊ အမှိုက်ပါဝင်မှုနှင့် ကွဲပြားခြားနားသောနိုင်ငံ သို့မဟုတ် နေရာဒေသများ၏ သယ်ယူပို့ဆောင်ရေးအလေ့အထများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဝါဂွမ်း ထုတ်လုပ်မည့် အစိုးရ၏မူဝါဒများ၊ စိတ်ကြိုက်နည်း လမ်းဖြင့်ဝါကြိတ်ခြင်း၊ ပုဂ္ဂလိကပိုင် သို့မဟုတ် အစိုးရပိုင်ဝါကြိတ်ခြင်းအပြင် ငွေကြေးထောက်ပံ့မှု ပုံစံများကဲ့သို့သော အကြောင်းအရာများသည် ဝါစက်ပိုင်ရှင်များက ဝါကြိတ်မည့် နည်းလမ်းနှင့်  ဝါကြိတ်ကိရိယာများ ရွေးချယ်မှုအပေါ် လွှမ်းမိုးမှုရှိ မည်ဖြစ်ပါသည်။

ဝါကြိတ်ကိရိယာများကိုရွေးချယ်ရန် အကောင်း ဆုံးနည်းလမ်းမှာ နည်းပညာဆိုင်ရာ လိုအပ်ချက်များ ကို ထည့်သွင်းစဉ်းစားရန်ဖြစ်ပါသည်။ ဤစံနှုန်းများ ကို အခြေခံ၍ ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်းပြုလုပ်မှုသည် ရှည်လျားသော/ ပိုရှည်လျားသော ဝါချည်မျှင်အတွက် အလွန်အကျိုးရှိကြောင်း သက်သေပြခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သဘာဝအမျှင် အရည်အသွေးများကို အမြင့်ဆုံးအထိ ထိန်းသိမ်းပေးပြီး လွှသွားပါဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်း (Saw Ginning) နှင့် နှိုင်းယှဉ်လျှင် အမျှင်ပျက်စီး မှု အနည်းဆုံးဖြစ်စေသောကြောင့် ဖြစ်ပါသည်။

အစေ့နှင့် အမျှင်များကို ခွဲထုတ်ရန် ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း (Roller Ginning) သည် ရှေးအကျဆုံးလုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်ပါသည်။ ရိုးရှင်းသော ကြိတ်လုံးပါ လက်ကိုင်ဝါကြိတ်စက် (Handheld Roller Gin) များကို အရှေ့ဖျားနိုင်ငံများတွင် အနည်းဆုံးအေဒီ ၅၀၀ ခန့်ကတည်းက စတင် အသုံးပြုလာခဲ့ကြပါသည်။ မကြာသေးမီအချိန် များက ကြိတ်လုံးဖြင့်ဝါကြိတ်ခြင်း၏ အရေးပါမှုသည် လျင်မြန်စွာတိုးပွားလာနေပြီး ၂၀၀၀ ပြည့်နှစ် တွင် ကမ္ဘာ့ဝါ၏ ၁၅ ရာခိုင်နှုန်းကိုသာ ကြိတ်လုံးပါ ဝါကြိတ်စက်(Roller Gin)ဖြင့် ကြိတ်ခဲ့ပြီး ၂၀၁၃ ခုနှစ် တွင် ကြိတ်လုံးပါ ဝါကြိတ်စက်ဖြင့် ဝါကြိတ်သည့် ပမာဏသည် ကမ္ဘာတစ်ဝန်း၌ ၃၅ ရာခိုင်နှုန်း ကျော်လွန်သွားပါသည်။

လွှသွားပါ ဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်း (Saw Ginning) ကဲ့သို့သော အခြားနည်းပညာများထက် ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း၏ အားသာချက်များအား ဝါကြိတ်သူများကို ပို၍ပို၍ဆွဲဆောင်လာခြင်းမှာ ကြိတ်လုံးပါ ဝါကြိတ်စက်အသုံးပြုမှု ပိုမိုတိုးမြင့်လာမှု၏ နောက်ထပ်တစ်ချက်ဖြစ်ပါသည်။ 

လက်ရှိ ကမ္ဘာတစ်ဝန်းတွင် ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း နည်းပညာသုံးမျိုးရှိပါသည်-

၁။      ကြိတ်လုံး တစ်လုံးပါ ဝါကြိတ်စက် (Single Roller (McCarthy))

၂။       ကြိတ်လုံးတစ်လုံးနှင့် လည်နေသော ဓားပါ ကြိတ်လုံးဖြင့် ဝါကြိတ်စက် (Single Roller Rotobar Rotary Knife Roller)

၃။      ကြိတ်လုံး နှစ်လုံးပါ ဝါကြိတ်စက် (အလုံပိတ်) (Double Roller (close type))

အစေ့နှင့်အမျှင်ကို ဖယ်ရှားသည့်နည်းလမ်းများမှာ သိသိသာသာကွဲပြားပါသည်။ ကြိတ်လုံးပါ ဝါကြိတ်စက်အမျိုးအစားတစ်ခုစီတွင် အမျှင်နှင့်အစေ့၏ ဝိသေသလက္ခဏာများနှင့် စွမ်းရည်လိုအပ် ချက်များအပေါ် အခြေခံ၍ ကွဲပြားခြားနားသော ဝါဂွမ်းမျိုးကွဲများအား ကြိတ်ခြင်းအတွက် သင့်လျော်သော ဒီဇိုင်းနှင့် စွမ်းဆောင်ချက်များရှိပါသည်။

“ကြိတ်လုံးဖြင့်ဝါကြိတ်ခြင်း (Roller Ginning)” ဟူသော အသုံးအနှုန်းကို အထက်တွင်ဖော်ပြထားသော နည်းပညာသုံးမျိုးတွင် အသုံးများသောကြောင့် ပြည့်စုံသောဖော်ပြချက်မရှိပါက ဒေသတစ်ခုတွင် ကြိတ်လုံးပါ ဝါကြိတ်စက် နည်းပညာအမျိုးအစား တစ်ခုတည်းကိုသာ သိရှိနိုင်ပြီး ရှုပ်ထွေးနိုင်သည်ဟု ယူဆနိုင်ပါသည်။ ကြိတ်လုံးဖြင့်ဝါကြိတ်ခြင်းသည် လူတို့သိသည့်အရာသာဖြစ်သည်ဟု လူတို့ထင်ကောင်းထင်နိုင်ပြီး၎င်းသည် လွဲမှားသောကောက်ချက်အချို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ကြိတ်လုံးပါ ဝါကြိတ်စက်အမျိုးအစားတစ်ခုစီ၏ ပြီးပြည့်စုံသော ဖော်ပြချက်များနှင့် ဝိသေသလက္ခဏာများအကြောင်း သိရှိရန်လိုအပ်ပါသည်။

ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်းသည် ရှည်လျားသည့်/ ပိုမိုရှည်လျားသည့် ချည်မျှင်မျိုးကွဲများအတွက် သာ သင့်လျော်သည်ဟု ဒဏ္ဍာရီတစ်ခုရှိပါသည်။ သို့သော်လည်း လက်တွေ့စမ်းသပ်မှုများနှင့် ရလဒ်များအရ ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်းနည်းပညာများသည် လည်ပတ်မှုဆိုင်ရာ ချိန်ညှိထားသည့် အပြင်အဆင်များအရ ကုန်းမြင့်ဒေသထွက် အမျှင်လတ် ချည်မျှင်အမျိုးမျိုးအတွက် ကောင်းမွန်ကြောင်းကို ပြသခဲ့ပါသည်။ အမျှင်တိုချည်မျှင်အမျိုးမျိုးအတွက် ကြိတ်လုံးပါဝါကြိတ်စက်အချို့ကို ပြုပြင်မွမ်းမံပြီးလည်း အသုံးပြုနိုင်ပါသည်။ ဝါကြိတ်မည့် နည်းလမ်းကို ဆုံးဖြတ်ရာတွင် သွင်းအားစု၏ စွမ်းရည်လိုအပ်ချက်များသည် အရေးကြီးသောအချက်ဖြစ်ပါသည်။

အချို့နေရာများတွင် ကြိတ်လုံးပါ ဝါကြိတ်စက်ကိုလက်ဖြင့် ခူးဆွတ်ထားသည့် ဝါဂွမ်းသန့်သန့်အတွက်သာ အသုံးပြုနိုင်ကြောင်းဒဏ္ဍာရီရှိပြီး အကြိုသန့်စင်ခြင်း (pre-cleaning) နှင့် ဝါကြိတ်ခြင်းသည် လုံးဝခြားနားသော ဘာသာရပ်ဖြစ်ပြီး စက်ဖြင့်ခူးဆွတ်ထားသောဝါဂွမ်းကို သန့်စင်ပြီးသည်နှင့် ကြိတ်လုံးပါ ဝါကြိတ်စက်ဖြင့် ကြိတ်ခြင်း သည့် အကျိုးရှိနိုင်ပါသည်။

မြောက်အမေရိကနှင့် တောင်အမေရိကတွင် “ကြိတ်လုံးပါ ဝါကြိတ်စက် (Roller Gin)” ဟူသော အသုံးအနှုန်းသည် များသောအားဖြင့် လည်နေသော ဓားပါ ကြိတ်လုံးဖြင့် ဝါကြိတ်စက် (Rotobar Rotary Knife Roller Gin) ကို ရည်ညွှန်းပြီး အချို့လွဲမှားသော ကောက်ချက်များကို ယင်းအပေါ် အခြေခံ၍ ရေးသားကြပါသည်။ ကြိတ်လုံးပါ ဝါကြိတ်စက်များ ဖြင့် ကြိတ်ထားသော ဝါဂွမ်းစုစုပေါင်းအနက်မှ အမြင့်ဆုံးရာခိုင်နှုန်းကို ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ် စက် (Double Roller Gin) များဖြင့် ကြိတ်ထားခြင်း ဖြစ်ပြီး ၎င်းသည် လည်နေသောဓားပါ ကြိတ်လုံးဖြင့် ဝါကြိတ်စက်နှင့် လုံးဝကွဲပြားသည့် နည်းပညာဖြစ်ပါသည်။

 ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း နည်းပညာဖြင့် ကြိတ်ထားသော ဝါဂွမ်းဘေထုပ် ၄၅ သန်းခန့် ရှိ သည့်အနက်မှ ဘေထုပ် ၄၂ သန်းခန့်ကို အိန္ဒိယ၊ အာဖရိကနှင့် အခြားနိုင်ငံအချို့ရှိ ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်များမှ ကြိတ်ထားပါသည်။ ကြိတ်လုံးဖြင့်ကြိတ်ထားသော ဝါဂွမ်း ၉၀ ရာခိုင်နှုန်းကျော်ကို ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်ဖြင့် လုပ်ဆောင် ထားပါသည်။ ဘေထုပ်နှစ်သန်းခန့်အတွက် ကြိတ်လုံး တစ်လုံးတည်းပါ ဝါကြိတ်စက် [Single Roller (McCarthy)] များကို အသုံးပြုထားကြပြီး လည်နေသောဓားပါ ကြိတ်လုံးဖြင့် ဝါကြိတ်စက် (Rotobar Rotary Knife Roller Gin) များကို ဘေထုပ်တစ်သန်းခန့်သာ အသုံးပြုပါသည်။ လည်နေသောဓားပါ ကြိတ်လုံးဖြင့် ဝါကြိတ်စက် ကို အမေရိကန်နိုင်ငံတွင် သုတေသနပြုလုပ်နေပြီး မြန်နှုန်းမြင့်လည်နေသောဓားပါ ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်းနည်းပညာကို အသုံးပြုမှု တိုးလာပါ သည်။ အိန္ဒိယတွင် ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက် များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သုတေသန ပြုလျက်ရှိပါသည်။ မကြာသေးမီက ကြိတ်လုံးနှစ်လုံးပါဝါကြိတ်စက် ပုံစံအသစ်ကို မိတ်ဆက်ခဲ့ပြီး အလို အလျောက် စီမံဆောင်ရွက်နိုင်မှုကြောင့် ထုတ်လုပ်မှုစွမ်းရည်နှင့် တစ်ယူနစ်ကုန်ကျစရိတ် သက်သာလာပါသည်။ လူအင်အားလိုအပ်ချက်မှာလည်း လွှသွားပါဝါကြိတ်စက် (Saw Gin) သို့မဟုတ် လည်နေသော ဓားပါကြိတ်လုံးဖြင့် ဝါကြိတ်စက်များနှင့် နီးနီးစပ်စပ်တူညီပြီး ၎င်းသည်စီးပွားရေးအရ တွက်ခြေအကိုက်ဆုံး သော ဝါကြိတ်နည်းပညာတစ်ခု ဖြစ်လာစေပါသည်။

ကုန်းမြင့်ဒေသထွက် ဝါကို ကြိတ်လုံးပါ ဝါကြိတ်စက် (Roller Gin) ဖြင့် ကြိတ်ရာမှ အရည်အသွေးကောင်းမွန်သော အမျှင်များတိုးတက်ရရှိလာမှုကြောင့် စျေးကွက်အသစ်များ ဖွင့်လှစ်နိုင်ပါသည်။ ကုန်းမြင့်ဒေသထွက် ဝါအတွက် ပြုပြင်ပြီးသော အရည်သွေးမြင့်ကြိတ်လုံးပါ ဝါကြိတ်စက်များရရှိပြီး မူလရှိပြီးသားမြောက်မြားစွာသော ကြိတ်လုံးပါဝါကြိတ်စက်များနှင့် လဲလှယ်မှုများကိုပြုလုပ်ရန် အနာဂတ်တွင်စီစဉ်ထားပါသည်။ မြန်နှုန်းမြင့်ကြိတ်လုံးပါ ဝါကြိတ်စက်များကို ပိုမိုအသုံးပြုလာသည်နှင့်အမျှ ကြိတ်လုံးသက်တမ်း၏ ပိုမိုကောင်းမွန်သော အကဲဖြတ်မှုများ ထွက်ပေါ်လာပါသည်။

မကြာသေးမီအချိန်များတွင် ကြိတ်လုံးနှစ်လုံးပါဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်းသည် အလျင်မြန်ဆုံးကြီးထွားလာသော ဝါကြိတ်နည်းပညာဖြစ်ပြီး နှစ်စဉ် အလွန်မြင့်မားသောနှုန်းဖြင့် တိုးတက်လာပါ သည်။ လက်ရှိအချိန်တွင် ကမ္ဘာ့ဝါဂွမ်း၏ ၁၅ ရာခိုင် နှုန်းမှ ၃၅ ရာခိုင်နှုန်းသို့ ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း (Roller Ginning) ၏ ဝေစုတိုးလာရခြင်း အဓိက အကြောင်းရင်းမှာ အရည်အသွေးမြင့်မားသောအမျှင်၏ ဝယ်လိုအားတိုးလာခြင်းနှင့် အရည်အသွေးမြင့်မားမှု၏ ကောင်းမွန်ထိုက်တန်သော တန်ဖိုးကိုနားလည်သဘောပေါက်လာခြင်းကြောင့် ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)