ဝက်လက်မြို့၌ သစ်စိမ်း ဓာတ်မြေသြဇာ သုံးစွဲနည်း အသိပညာပေး သင်တန်းဖွင့်

ဝက်လက် မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့ နံနက်  ၉ နာရီ အချိန် မှ စတင်၍ တောင်သူများ သစ်စိမ်းဓာတ်မြေသြဇာ ပြုလုပ်သုံးစွဲနည်း အသိပညာပေး သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ယခုအချိန်တွင် ဓာတ်မြေသြဇာစျေး အဆမတန် မြင့်မားနေသည့် အချိန်တွင် တောင်သူများ၏ ထုတ်လုပ်မှုစရိတ်လျော့ချနိုင်ရန် ဓာတ်မြေသြဇာအစား အကျိုးရှိသော သဘာဝသစ်စိမ်း ဓာတ်မြေသြဇာတွေကို ပြုလုပ်သုံးစွဲတတ်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရ ခြင်းဖြစ်ကြောင်း သစ်စိမ်းဓာတ်မြေသြဇာကို ပိုက်ဆံလျှော် သီးနှံဖြင့် ပြုလုပ်ရသောကြောင့် ရရှိလာသော အကျိုး ကျေးဇူးများ ကတော့ စိုက်ပြီး ၄၅ ရက်သားတွင် ထယ်ထိုးပြီး မြေမြှုပ် နိုင်မည်ဆိုလျှင် ရရှိမည့် ဓာတ်တွေ ကတော့ အင်မတန်မှ အကျိုး ကျေးဇူးများ သောယူရီးယား ဓာတ် ၈၆ ပေါင်၊ တီဆူပါ ၁၂ ပေါင် ၊ ပိုတက်မြေသြဇာ ၄၈ ပေါင် အာနိသင်ရှိပြီး  သစ်စိမ်းမြေသြဇာ ပြုလုပ်သုံးစွဲလျှင် ဓာတုဓာတ်မြေသြဇာ ကွန်ပေါင်းအိပ် တစ်အိပ်ခွဲခန့် အတွက် ကျပ် တစ်သိန်း ငါးသောင်း ခန့်  ကုန်ကျစရိတ် လျှော့ချသွားမှာ ဖြစ်ကြောင်း ၊ သစ်စိမ်းဓာတ်မြေသြဇာ ပြုလုပ်ရန် အတွက်လည်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနတွင် ပိုက်ဆံလျှော် မျိုးစေ့ကို ဖြန့်ဖြူးရောင်းချပေးနေကြောင်းလည်း သိရပါသည်။

သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာကြည် နှင့် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန မှ တာဝန်ခံများက သင်တန်းပို့ချကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဉာဏ်လှိုင် နှင့် အဖွဲ့ဝင်များ မြင်တော်ကျေးရွာ ၊ မင်းရွာကျေးရွာ ၊ မူးကြီးကျေးရွာတို့မှ တောင်သူစုစုပေါင်း ၄၇ ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင်( ဝက်လက်)