ဝက်လက်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စပါးပင်များ ပျိုးထောင်လျက်ရှိ

ဝက်လက် ၂၇ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူအကျိုးဖြစ်ထွန်းရေး၊ လုပ်သားရှားပါးမှုပြဿနာ ကျော်လွှားနိုင်ရေး၊ စိုက်ပျိုးသောစပါးများ အထွက်နှုန်းတိုးမြှင့်ရရှိစေရေးတို့ကို ရည်ရွယ်ကာ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စပါးပျိုးပင်များ ပျိုးထောင်ခြင်းလုပ်ငန်းကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီက ဒွန်တဲကုန်းကျေးရွာ တောင်သူ ဦးအောင်မြင့်စံလယ်၌ ပျိုးထောင်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ပျိုးထောင်ရာသို့ ဝက်လက်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေဇော်စိုးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ပျိုးထောင်နည်းများ ဆောင်ရွက်ပေးခဲ့ကြသည်။


ဝက်လက်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနနှင့် ဝင်းလက်မြေလယ်ယာ ဝန်ဆောင်မှုအသင်းတို့ ပူးပေါင်းကာ တောင်သူများအနေဖြင့် ကောက်စိုက်စက်ဖြင့် အချိန်မီစိုက်ပျိုးသွားနိုင်ရေးကို ဦးတည်ကာ ပျိုးထောင်ပေးခြင်းကို ဇူလိုင် ၁၈ ရက်မှစတင်၍ ဘိုတဲကျေးရွာ၌ ၃၃ ဧက စတင်ပျိုးထောင်ပေးခဲ့ပြီး ယနေ့ထိ ဖွတ်လှိုင်းကျေးရွာ ၅၅ ဧက၊ ရွာသာကြီးကျေးရွာ ၉၇ ဧက၊ လိန်ပင်ကျေးရွာ ၂၂ ဧက၊ ထုံးဘိုကျေးရွာ ၁၀ ဧက၊ လှတောကျေးရွာ ၁၈ ဧက၊ ဒွန်တဲကုန်းကျေးရွာ ၅၄ ဧက စုစုပေါင်း ၂၈၉ ဧက ပျိုးထောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကို ၂၀၁၈ ခုနှစ်က ၁၂၄ ဧကသာ စိုက်ပျိုးခဲ့ကြောင်း၊ တစ်ဧက ၉၄ တင်းအထိ ထွက်ရှိကြောင်းနှင့် ပျိုးထောင်ရာ၌လည်း မျိုးစေ့ထက်ဝက်နီးပါးသက်သာကြောင်း၊ ယခုနှစ်တွင် တောင်သူများ စိတ်ပါဝင်စားမှုများလာကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် ဧက ၄၀ဝ နီးပါးထိ တောင်သူများ စိတ်ဝင်စားစွာ စိုက်ပျိုးလာနိုင်ရန် ခန့်မှန်းထားကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။


ဥမ္မာဝင်း(ဝက်လက်)

 

1