ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား

၂၅  အောက်တိုဘာ

 

 

ဝလာပြီ။ အဝတ်တွေဝတ်ရတာအဆင်မပြေတော့ဘူး။ ငါတော့ ဝိတ်လျှော့တော့မှဖြစ်မယ်၊ လို့ စဉ်းစားလိုက်ရင်တော်တော်များများပြေးမြင်တာက အစားလျှော့စားဖို့ပါ။ ဒါဆိုမေးစရာရှိတာက အစားစားလို့ ဝတာလား။ ဟုတ်တယ်လေ။ စားလို့ဝတာပေါ့၊ ရှင်းနေတာပဲဆိုတဲ့သူလေးတွေကို တစ်ခုလောက်ရှင်းပြပါရစေလား။ အစားစားတိုင်းဝတာမဟုတ်ပါဘူး။ အထောက်အထားပြမယ်နော်။ တူတူဆက်ကြည့်ရအောင်လား။

 

အစားစစားတိုင်း ဝလာတာမဟုတ်ဘူးလို့ပြောရတဲ့ အကြောင်းအရင်း

 

မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရ အစားစားလို့ ဝတယ်ဆိုတာထက် အစားစားချိန်နောက်ကျတာကြောင့် ပိုဝလာရတာပါ လို့တွေ့ရှိခဲ့ရပါတယ်။ သုတေသီတွေက ဒီတွေ့ရှိချက်ကို အသေးစိတ် လေ့လာထားတာ ဖြစ်ပါတယ်။

 

အခုနောက်ပိုင်း ကမ္ဘာတလွှားမှာ အဝလွန်သူအရေအတွက်တွေ တိုးလာနေပါတယ်။ ဒါကြောင့် ဝိတ်ချဖို့အတွက် ဆေးသောက်တာတွေ၊ ခွဲစိတ်ကုသတာတွေ၊ အစားအစာချင့်ချိန် စားသုံးတာတွေလုပ်လာကြပါတယ်။ ဒါတွေကငွေကုန်ကြေးကျများသလို ကျန်းမာရေးအပေါ် သက်ရောက်မှုကလည်း ကြီးပါတယ်။ ဒီတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။

 

ဒီတော့အဝလွန်တာကို မဖြစ်စေဖို့ နည်းလမ်းကောင်းလေးတစ်ခု ပြောပြပါရစေလား။ ဒါကတော့ အစားစားတဲ့အချိန်ကို သတ်မှတ်တာပါ။ အစားအသောက်က လူတစ်ယောက်ဝလာစေဖို့ အဓိက အခန်းကဏ္ဍမှာ ပါတယ်ဆိုပေမယ့် ဒီအစားအသောက်စားတာကို အချိန်အတိအကျလေးသတ်မှတ်ပြီး စားသုံးမယ်ဆိုရင်တော့ အဝလွန်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါနော်။

 

ဝိတ်လျှော့တော့မယ်ဆိုပြီး အစားအသောက်ပုံစံကို အဓိကပြောင်းလဲပေမယ့် ဒီလိုပြောင်းလဲမှုက ဝမလာစေဖို့ ၁၀ဝ ရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းလောက်အထိပဲသက်ရောက်မှုရှိတာပါ။

 

အဝမလွန်ဖို့ အစားစားတဲ့အချိန်ကိုပြောင်းကြစို့!

 

၂၀၁၁ ခုနှစ်ကလုပ်ဆောင်ခဲ့တဲ့လေ့လာမှုအရ ညဘက်နောက်ကျမှ အစားစားတတ်သူတွေက ပုံမှန်ထက်ပိုဝလာနိုင်ခြေများနေသလို အဝလွန်ဖြစ်နိုင်ခြေလည်း များနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဒီလေ့လာမှုမှာ တွေ့ရှိခဲ့တာတစ်ခုက ည ၈ နာရီနောက်ပိုင်းမှာ ကယ်လ်လိုရီစားသုံးမှုများတာက အဝလွန်ဖြစ်နိုင်ခြေကို တော်တော်လေး များစေတယ်ဆိုတဲ့ အချက်ပါ။ နောက်တစ်ချက်ကတော့ အိပ်ရေးပျက်တာများထားတာပါ။ အိပ်ရေးပျက်ထားသူတွေက ကယ်လ်လိုရီတွေကို ပိုစားမိတာကြောင့် ပုံမှန်အိပ်စက်ချိန်ရှိသူတွေထက် ပိုပြီး အဝလွန်ဖြစ်နိုင်ပါတယ်နော်။

 

ရိုးစင်းတဲ့ ပြောင်းလဲမှုတစ်ရပ်အနေနဲ့ မနက်စာစားချိန်နဲ့ ညစာစားချိန်ကိုပြောင်းလဲမှုက အဝလွန်မဖြစ်အောင် ထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုအတွင်း သုတေသီတွေက အသက် ၃၆ နှစ်ဝန်းကျင် ပုံမှန်ကိုယ်အလေးချိန်ထက် ပိုနေသူတွေ၊ အဝလွန်နေသူတွေ ၃၁ ဦးကိုလေ့လာခဲ့ပါတယ်။လေ့လာမှုအတွင်း ပါဝင်သူတွေရဲ့ စားသောက်မှုပုံစံ၊ အိပ်ချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှုအတိုင်း အတာတို့ကိုပါ လေ့လာခဲ့ပါတယ်။ အထိုင်များတဲ့ အလုပ်လုပ်နေတာလားဆိုတဲ့ အချက်တွေကိုပါလေ့လာခဲ့တာပါ။

 

သုတေသီတွေကလေ့လာမှုမှ ာပါဝင်သူတွေကို ဖုန်းအက်ပ်တစ်ခုသုံးပြီး စောင့်ကြည့်ခဲ့ပါတယ်။ စားသောက်တဲ့အစားအစာတွေနဲ့ အစားစားချိန်တွေကို အတိအကျရယူခဲ့ပါတယ်။ အိပ်စက်ချိန်တွေပါမကျန်ပေါ့။ တစ်နေ့ကို ၇ နာရီထက်လျော့ပြီးအိပ်တဲ့သူတွေ၊ ည ၈ နာရီနောက်ပိုင်းမှ အစားစားသူတွေက ပုံမှန်ထက်ပိုပြီး အဝလွန်နိုင်ခြေပိုများနေပါတယ်။ ညကိုနောက်ကျပြီး အစားစားလေလေ ဝနိုင်ခြေက ပိုများလေလေပါနော်။ ဒီတော့ အဖြေကလွယ်ပါတယ်။ ညနေစောင်းထဲက စားချင်တာတွေအပြီးစားပေါ့။ ညစာကိုနောက်အကျဆုံး ၈ နာရီမတိုင်ခင်စားတာက အဝလွန်တာမဖြစ်နိုင်ဖို့ရော ဝိတ်မတက်စေဖို့ရော ကာကွယ်ရာရောက်ပါတယ်။

 

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”