ဝင်ဘလေမှာ ကွန်မြူနတီဒိုင်းကို အရယမယ့် ပရီမီယာလိဂ်ချန်ပီယံ

ဝေမိုးဆက်

လာမယ့်သြဂုတ် ၄ ရက်မှာ အင်္ဂလန်ဘောလုံးရာသီ အဖွင့်ကွန်မြူနတီဒိုင်းပွဲကို ကျင်းပတော့မယ်။ ဒီပွဲကို အင်္ဂလန်နိုင်ငံရဲ့ ဝင်ဘလေကွင်းအတွင်းမှာ ကျင်းပသွားမှာဖြစ်သလို လီဗာပူးနဲ့ မန်စီးတီး တို့လို လက်ရှိအင်္ဂလန်ရဲ့ အကောင်းဆုံးနှစ်သင်း ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒီပြိုင်ပွဲဟာ ပရီမီယာလိဂ်ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ ယှဉ်ပြိုင်ရတဲ့ပွဲဖြစ်ပေမယ့် မနှစ်က ရာသီမှာ မန်စီးတီးက ပရီမီယာလိဂ်ဖလားရော အက်ဖ်အေဖလားပါ ရယူနိုင်ခဲ့တာကြောင့် ပရီမီယာလိဂ်မှာ ဒုတိယရခဲ့တဲ့ လီဗာပူးက ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီကွန်မြူနတီဒိုင်းကို ၂၀ဝ၆ ခုနှစ်တုန်းကနောက်ဆုံးအကြိမ် ရယူနိုင်ခဲ့တာ ဖြစ်တာကြောင့် ဒီဆုနဲ့ဝေးနေခဲ့တာ ၁၀ စုနှစ် တစ်ခုကျော်ခဲ့ပြီဖြစ်ပြီး ဒီအောင်မြင်မှုကို တစ်ကျော့ ပြန်ရယူနိုင်ဖို့ အားစိုက်လာမှာဖြစ်တဲ့အတွက် ပွဲကလည်း အကြိတ်အနယ်ရှိမှာ သေချာနေပါတယ်။ မန်စီးတီးကတော့ ဒီကွန်မြူနတီဒိုင်းကို မနှစ်ကရာသီမှာလည်း ချယ်လ်ဆီးကိုအနိုင်ယူပြီး သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒီတစ်ကြိမ်လည်း အဆိုပါအောင်မြင်မှုကို ဆက်လက်ကာကွယ်သွားဖို့ အားစိုက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်စီးတီးကပဲ ချန်ပီယံဆုကို ကာကွယ်နိုင်မလား ဒါမှမဟုတ် လီဗာပူးကပဲ ဒီကွန်မြူနတီဒိုင်းကို တစ် ကျော့ပြန်ရယူသွားနိုင်မလားဆိုတာက စိတ်ဝင် စားဖို့ကောင်းနေတယ်။

လီဗာပူးရဲ့အနေအထား

လီဗာပူးဟာပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းကောင်းတွေ တောက်လျှောက်ပြသနိုင်ခဲ့ကာ ပရီမီယာလိဂ် ပြိုင်ပွဲအတွင်းမှာလည်း မန်စီးတီးကို တောက်လျှောက် ဖိအားပေးနိုင်ခဲ့သလို တစ်မှတ်အကွာနဲ့ ချန်ပီယံဆုဖလားကို လက်လွှတ်လိုက်ရတဲ့အထိ ခြေစွမ်းထက်မြက်ခဲ့တဲ့အပြင် ချန်ပီယံလိဂ် ဆုဖလားကိုလည်း အရယူနိုင်ခဲ့ပေမယ့် လက်ရှိနွေရာသီဈေးကွက်မှာတော့ အခုအချိန်အထိ ထိရောက်တဲ့အ ားဖြည့်မှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။ လူငယ်ကစားသမားတွေ ဖြစ်တဲ့ ဟော်လန်ရဲ့အသက် ၁၇ နှစ်အရွယ် လူငယ်ကစားသမား ဗန်ဒီဘတ်နဲ့ အင်္ဂလန်ရဲ့အသက် ၁၆ နှစ်အရွယ် အဲလီယော့တို့ကိုသာ ခေါ်ယူထားနိုင်သလို ခြေစမ်းပွဲတွေမှာလည်း ခြေစွမ်းကောင်းတွေကို ပြသနိုင်ခြင်း မရှိခဲ့ပါဘူး။

လီဗာပူးဟာ ရာသီကြိုကာလ အဖွင့်ခြေစမ်းပွဲ နှစ်ပွဲဖြစ်တဲ့ ထရန်မီယီနဲ့ ဘရက်ဖို့ဒ်တို့နဲ့ပွဲတွေမှာ ဂိုးပြတ်နိုင်ပွဲတွေ ယူဆောင်နိုင်ခဲ့ပေမယ့် နောက် ပိုင်းကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာတော့ ဒေါ့မွန်ကို ၂-၃ ဂိုး၊ ဆီဗီးလ်ကို ၁-၂ ဂိုး၊ နာပိုလီကို ဝ-၃ ဂိုးတို့နဲ့ အရေးနိမ့်ခဲ့ပြီး စပို့တင်းလိုအသင်းမျိုးကိုလည်း နှစ်ဂိုးစီ သရေသာကစားနိုင်ခဲ့ပါတယ်။ အဆို ပါခြေစမ်းပွဲတွေမှာ ဖာမီနို၊ ဆာလတ်၊ မာနေးတို့လို ကစားသမားတွေပါဝင်ခဲ့ခြင်း မရှိပေမယ့်လည်း ဗန်ဒစ်၊ အာနိုး၊ ရောဘတ်ဆန်၊ ဂျိုးမာတစ်တို့လိုခံစစ် ကစားသမားတွေကိုတော့ အဓိကထား အသုံးပြုခဲ့သလို ကွင်းလယ်မှာလည်း ချိန်ဘာလိမ်၊ မီလ်နာ၊ ဖာဘင်ညိုတို့လို ကစားသမားတွေကို အသုံးပြုခဲ့တဲ့ကြားက စုစုပေါင်း ၁၀ ဂိုးအထိ ပေးခဲ့ရတဲ့ အခြေအနေအရ လီဗာပူးရဲ့ကွင်းလယ်နဲ့ ခံစစ်မှာ အထိုင်မကျမှုတွေရှိနေတာ မြင်သာပါတယ်။ ဒီပွဲစဉ်မှာလည်း မာနေး၊ ဖာမီနို၊ ဆာလတ်တို့ ပြန်လည်ပါဝင်လာရင် တိုက်စစ်စွမ်းဆောင်ရည် ထက်မြက်လာနိုင်ပေမယ့် ကွင်းလယ်နဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်ကတော့ မနှစ်ကလို ခြေစွမ်းမျိုး ပြန်ရဖို့တော့ ခက်ပါတယ်။

မန်စီးတီးရဲ့အခြေအနေ

မန်စီးတီးကတော့ ရာသီအကြိုကာလမှာ ပရီမီယာလိဂ်အာရှဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ချန်ပီယံဆုကို အရမယူနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဝုဖ်ကို ခြေစွမ်းပိုင်း သိသိသာသာနဲ့ ဖိအားပေးကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ ပွဲမှာ ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်ရတဲ့ကြားက ဂိုး မရခဲ့တာဖြစ်သလို ပွဲချိန် ၂၁ မိနစ်မှာရတဲ့ ပယ်နယ်တီကိုလည်း စတားလင်းက ဂိုးဝင်အောင် မသွင်းနိုင်ခဲ့တာကြောင့် ချန်ပီယံဆုနဲ့ လွဲခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ အခြား ခြေစမ်းပွဲတွေမှာလည်း ကစ်ချီကို ၁-၆ဂိုး၊ ယိုကိုဟားမားကို ၁-၃ ဂိုးတို့နဲ့ အနိုင်ရခဲ့တာကို ကြည့်ရင် ခြေစွမ်းထက်မြက်ဆဲဖြစ်တာ မြင်သာပါတယ်။ မန်စီးတီးဟာ ဒီရာသီမှာ ဆာနေး၊ ဒီဘရူနီ၊ ဆေးလ်ဗား၊ အဂူရိုတို့လို ကစားသမားတွေကို အသင်းမှာ ဆက်ထိန်းထားနိုင်တဲ့အပြင် အက်သလက်တီကို ကွင်းလယ်ကစားသမား ရိုဒရီဂို ကို လည်း ပေါင် ၆၂ သန်းနဲ့ခေါ်ယူထားနိုင်တာကြောင့် ကွင်းလယ်အင်အား ပိုမိုတောင့်တင်းလာပါတယ်။ ဒီပွဲစဉ်မှာ အဂူရို၊ ဂျေဆုတို့ ပြန်လည်ပါ ဝင်လာနိုင်တာကြောင့် မန်စီးတီးတိုက်စစ်ဟာ ပြီးခဲ့တဲ့ရာသီကလိုပဲ ထက်မြက်နေဦးမှာဖြစ်သလို လက်ရှိအားနည်းနေတဲ့ လီဗာပူးခံစစ်ကိုလည်း ဖိအားပေးသွားနိုင်မှာ သေချာနေပါတယ်။

သုံးသပ်ချက်

ဒါ့အပြင် ဂွါဒီယိုလာဟာ ရာသီသစ်မှာလည်း အဓိကပြိုင်ဘက်ဖြစ်လာဦးမယ့် လီဗာပူးကို ရာသီမစခင်ကတည်းက စိတ်ဓာတ်ပိုင်းအသာ ရယူထားနိုင်အောင် အခုပွဲမှာ မဖြစ်မနေ အနိုင်ကစားဖို့ အားစိုက်လာမှာလည်း ဖြစ်ပါတယ်။ ဂျာဂျင်ကလော့ကလည်း ရာသီအဖွင့်မှာ အောင်မြင်မှုရယူနိုင်ဖို့ လူစုံအသုံးပြုလာမှာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာ ခံစစ်ပိုင်းနဲ့ အသင်းလိုက် ဟန်ချက်မငြိမ်သေးတဲ့ အခြေအနေအရ ဒီနှစ်ရာသီအဖွင့်မှာလည်း မန်စီးတီးကသာ အောင်ပွဲခံသွားမယ်လို့ ယူဆမိပါတယ်။

 

၂၀၁၉ ကွန်မြူနတီဒိုင်း

ကျင်းပမည့်ရက်        - ဩဂုတ် ၄ ရက်၊ ၂၀၁၉

ကွင်း                      - ဝင်ဘလေ

အသင်း                   - လီဗာပူး - မန်စီးတီး

ကွင်းလယ်ဒိုင်           - မာတင်အက်ကင်ဆန်

 

မြန်မာ့အလင်း