ဝင်ငွေနည်းမိသားစုများ စားသုံးမှုအဆင်ပြေစေရေး ရွေ့လျားဈေးကား ရောင်းချ

ရန်ကုန် စက်တင်ဘာ ၆

 

ပြည်သူလူထုစားသောက်ရေး အဆင်ပြေစေရန်အတွက် ရွေ့လျားဈေးကားဖြင့် ရပ်ကွက်များအတွင်း အလှည့်ကျသွားရောက်၍ စားအုန်းဆီ (၁)ပိဿာလျှင် ငွေကျပ် ၅၄၀၀ နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားစီကို လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁၀)လုံးစီကို လည်းကောင်း စနစ်တကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့‌ရောင်းချပေးနေမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ (၁၇)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ ကျန်စစ်သားအိမ်ရာရှေ့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန် မှာကြားကာ ဈေးရောင်း/ဈေးဝယ်သူများကို နှာခေါင်းစည်း (Mask) များ ဝေငှပေးသည်။

 

အလားတူ ယနေ့တွင် ရန်ကင်းမြို့နယ် ကံဘဲ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၊ အင်းစိန်မြို့နယ် မုဒိတာအိမ်ရာဝင်းနှင့် စော်ဘွားကြီးကုန်းရပ်ကွက်၊ လှိုင်မြို့နယ် ပညာရိပ်သာနှင့် လှိုင်မြစ်လမ်း၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်ခန်းမနှင့် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း၊ စည်ပင် (၁၂)ထပ်ခွဲရုံးဝင်းများတွင်လည်း ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) လုံခြုံရေးရဲတပ်ဖွဲ့ခွဲသို့ သွားရောက်၍ တပ်ဝင်းအတွင်း မြေနိမ့် ရေဝပ်နေရာများမှ ကျွဲလမ်းရိုးချောင်း၊ မြစိမ်းရောင်ချောင်းများသို့ ရေဖောက်ထုတ်နိုင်ရန် ရေမြောင်းများ တူးဖော်နေမှုကိုလည်းကောင်း၊ ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့  သွားရောက်၍ အမှိုက်ပုံများမှထွက်ရှိသည့် Leachate ရေဆိုးများအား Surface Aerator ရေစုကန်သို့သွင်း၍ Aeration ပြုလုပ်သည့် စက် (၆)လုံးဖြင့် လေသွင်းမှုတ်ထုတ် သန့်စင်နေမှုကိုလည်းကောင်း၊ Semi-Aerobic Landfill System ဆောင်ရွက်ထားသည့် အမှိုက်ပုံဟောင်းတွင် အားကစားကွင်း ပြုလုပ်ပြီး မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများ ဖူဆယ်ဘောလုံးအားကစားနှင့် ပိုက်ကျော်ခြင်း အားကစားများ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ ရေဆိုးမြောင်းအတွင်းမှ ဗေဒါများအား စက်ဖြင့် ဆယ်ယူရှင်းလင်းနေမှု၊ ခုတ်ဖြတ်စက်ဖြင့် ခုတ်ဖြတ်ကြိတ်ခွဲနေမှု၊ (၁၀)ပေ ပတ်လည် (၇)ပေအနက် မြေဩဇာကန်အတွင်း ဗေဒါကြိတ်ဖတ်၊ နောက်ချေး၊ မြေဆွေးများ အလွှာလိုက် အချိုးကျရောစပ်၍ သဘာဝမြေဩဇာ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ရွှေတောင်ကြားရိပ်သာလမ်းသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ ကတ္တရာ ကွန်ကရိ (AC) ခင်းကျင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်