ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်နှင့် စိုက်ပျိုးရေးသိပ္ပံတို့၌ တက်ရောက်သင်ကြားလျက်ရှိသည့် သင်တန်းသား သင်တန်းသူများအား တွေ့ဆုံအားပေး

ပုသိမ် စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်၌ တက်ရောက်သင်ကြားလျက်ရှိသည့် သင်တန်းသား သင်တန်းသူများအား သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။

တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ဆရာ၊ ဆရာမများ၏ ကဏ္ဍသည် အရေးပါကြောင်း၊ နာ(၃)နာကို အခြေခံ၍ စံနမူနာပြဖြစ်အောင် ပြုမူနေထိုင်ကြရန်လိုကြောင်း၊ ဆရာဟူသည် လေ့လာဆည်းပူးလျက်ရှိသည့် ထာဝရကျောင်းသားကြီးများပင် ဖြစ်ကြောင်း၊ အများအကျိုး ကိုယ်ကျိုးမဖက် ထမ်းရွက်တတ်သူ ဆရာဟူ၏ ဆိုသည့်အတိုင်း တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိတွေပြည့်စုံလာအောင်၊ စံနမူနာပြတွေဖြစ်အောင် ဆောင်ရွက်ပေးကြရမည့် တာဝန်တွေရှိကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းသား သင်တန်းသူများအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ရာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံသို့ သွားရောက်ကာ သင်တန်းသူ သင်တန်းသားများအား တွေ့ဆုံအားပေးခဲ့ပြီး ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဖြစ်သည့်အတွက် စိုက်ပျိုးရေးသိပ္ပံမှ ဒီပလိုမာဘွဲ့ရရှိသူများသည် စိုက်ပျိုးရေးကဏ္ဍတွင် အားထားရသူများဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံ(နေကြာ)နှင့် ကော်ဖီတို့အား တိုင်းဒေသကြီးအတွင်း တိုးချဲ့စိုက်ပျိုးမည် ဖြစ်သည့်အတွက် စိုက်ပျိုးနည်းများကို စာတွေ့သာမကဘဲ စာတွေ့လက်တွေ့ပေါင်းစပ်၍ မြေပြင်မှာ အောင်မြင်မှုရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းသား သင်တန်းသူများအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ရာ စိုက်ပျိုးရေးသိပ္ပံ ဒုတိယကျောင်းအုပ်ဆရာမကြီးက လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်သည့် စံပြမုန့်မျိုးစုံ လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ ကိတ်မုန့် ကိတ်ခြောက် ကြက်ဥပူတင်း အစရှိသည့် မုန့်မျိုးစုံ လုပ်ကိုင်ပုံအဆင့်ဆင့်အား တာဝန်ရှိသူလုပ်ငန်းရှင်တစ်ဦးမှ လိုက်လံရှင်းလင်းပြသပြီးနောက် ဝန်ကြီးချုပ်က စားသုံးကုန်များထုတ်လုပ်ရာတွင် အဆင့်မီစက်ပစ္စည်းများ အသုံးပြုနိုင်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဓာတုဆိုးဆေးများ အသုံးမပြုရေး၊ ထုပ်ပိုးမှုစနစ်တကျရှိစေရေးနှင့် ပြည်သူများ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)