ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ၂၃   ဇူလိုင် 


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၂ ရက်နေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ အောင်ဆန်းအားကစားကွင်း၌ ကျင်းပခဲ့သည်။


ဗိုလ်လုပွဲစဉ်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ နှစ်ဖက်အသင်းကို လိုက်လံအားပေးသည့် ပရိသတ်များကြည့်ရှုအားပေးခဲ့ကြသည်။


နောက်ဆုံး ဗိုလ်လုပွဲစဉ်၌ ခရမ်းမြို့နယ်ဘောလုံးအသင်းက မြောက်ဥက္ကလာပမြို့နယ် ဘောလုံးအသင်းအား ၂ - ၁ ဂိုးဖြင့်အနိုင်ရရှိပြီး ဗိုလ်စွဲသွားခဲ့သည်။ထို့နောက်ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသော ခရမ်း၊ မြောက်ဥက္ကလာပ၊ သန်လျင်မြို့နယ်တို့မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များကို ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း ဂိုးသမားနှင့် အကောင်းဆုံးဆုရ အားကစားသမားများကို မြို့တော်ဝန် ဦးမောင်မောင်စိုး၊  တတိယဆုရ သန်လျင်မြို့နယ် ဘောလုံးအသင်းအား ဗိုလ်မှူးကြီးအောင်စိုးမိုးက ဂုဏ်ပြုဆုငွေနှင့်ဆုဖလား၊ ဒုတိယဆုရရှိသော မြောက်ဥက္ကလာပမြို့နယ် ဘောလုံးအသင်း အားဦးလင်းနိုင်မြင့်က ဂုဏ်ပြုဆုငွေနှင့် ဆုဖလား၊ ပထမရရှိသော ခရမ်းမြို့နယ်ဘောလုံးအသင်းကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုဆုငွေနှင့်တံခွန်စိုက် ဆုဖလားတို့ကို ပေးအပ်ခဲ့ကြသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၁ ရက်မှ ဇူလိုင် ၂၂ ရက်ထိ ရန်ကုန်မြို့၊ အောင်ဆန်း အားကစားပြိုင်ပွဲကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ 


ဆန်းကျော်ဦး(ပြန်/ဆက်)