ဝန်းသိုမြို့နယ်၌ တောင်သူဦးကြီးများအား သဘာဝပိုးသတ်ဆေးနှစ်မျိုး ပြုလုပ်သုံးစွဲနည်းပြသ

ဝန်းသို  ၂  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အာမခံကျေးရွာအုပ်စု၊ အာမခံဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာတွင် တောင်သူဦးကြီးများ ဓါတုပိုးသတ်ဆေးများကို လျော့ချသုံးစွဲနိုင်ရန်နှင့် အစားအစာ ဘေးကင်းလုံခြုံစေရန်ရည်ရွယ်၍ သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်း နှစ်မျိုးကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများက လက်တွေ့ပြုလုပ်ပြသ ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အီးအမ်(၅)သဘာဝပိုးသတ်ဆေး(သို့)ပိုးပြေးဆေးပြုလုပ်ရာတွင် အီးအမ်အပြင်း (၁)ဆ၊ တင်လဲရည် (၁)ဆ၊ ရှာလကာရည်(၁)ဆ၊ အရက်ဦးရည်(၁)ဆ၊ ရေ(၆)ဆဖြင့်လည်းကောင်း၊ တမာရွက်(၆၀) ကျပ်သား၊ ကြက်သွန်ဖြူ (၅၀)ကျပ်သား၊ ဂျင်း(၅၀)ကျပ်သား၊ ဒုတ္ထာ(၁၀)ကျပ်သား၊ ဆေးရွက်ကြီး (၅၀) ကျပ်သားတို့ကို ရေ(၄)ဂါလံနှင့်ရော၍ဆောင်ရွက်သော သဘာဝပိုးသတ်ဆေး ပြုလုပ်နည်းကို လည်းကောင်း တာဝန်ရှိသူများက ပြုလုပ်ပြသဆောင်ရွက်ပေးခဲ့ပြီး အီးအမ်(၅)ဖျော်ရည်သည်ပြုလုပ်ပြီး(၅)ရက်မြောက်နေ့မှ စတင်ကာ (၄)ဂါလန် ဆေးဖြန်းပုံး(၁)ပုံးတွင် ထမင်းစားဇွန်း (၈)ဇွန်းထည့်၍ သီးနှံပင်များကို (၁၅) ရက် တစ်ကြိမ် ပက်ဖျန်းပေးနိုင်ကြောင်း၊ တမာရွက်၊ ဆေးရွက်ကြီး၊ ဒုတ္ထာအရောသဘာဝပိုးသတ်ဆေးကို ပြုလုပ် ပြီး မနက်/ညနေ တစ်ကြိမ်စီမွှေစေ၍ ခုနှစ်ရက်မြောက်နေ့မှ စတင်ကာ(၄)ဂါလန် ဆေးဖျန်းပုံး (၁)ပုံးတွင် ထမင်းစားဇွန်း(၁၀) ဇွန်းထည့်၍ ဖျန်းပက်နိုင်ပါကြောင်း သဘာဝပိုးသတ်ဆေး သုံးစွဲနည်းကို ပြောကြားကာ တက်ရောက်လာသော တောင်သူများက  စိတ်ပါဝင်စားစွာ လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ဝန်းသိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ဧက ၃၈၉၈၉ ဧကစိုက်ပျိုးထားလျက်ရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စီးပွားဖြစ်မိုးစပါး မျိုးသန့်မျိုးစေ့ထုတ်ကွက် ၂၅၀ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)