ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၉

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။

 

ပြောကြား

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းမှပို့ချပေးသော အတွေ့အကြုံ၊ ဗဟုသုတများကို စနစ်တကျမှတ်သားပြီး လက်တွေ့နယ်ပယ်တွင် အသုံးချတတ်ရန်၊ ပေးအပ်သော တာဝန်များကို ကျွမ်းကျင်မှုရှိစွာ သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင်မြင်အောင် စနစ်တကျ၊ စည်းကမ်းကျနစွာ ဆောင်ရွက်နိုင်ရန်၊ မိမိနိုင်ငံ၊ မိမိအစိုးရ၊ မိမိလူမျိုးနှင့် မိမိတို့ဝန်ကြီးဌာနအပေါ် သစ္စာစောင့်သိသော ဝန်ထမ်းများဖြစ်ရန်နှင့် နိုင်ငံ့တာဝန်များကို အမှားအယွင်းမရှိ စနစ်တကျဖြင့် စွမ်းဆောင်ရည် ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သင်တန်း သားများနှင့် Group Presentation အကောင်းဆုံး ရရှိသည့် သင်တန်းသားများအား ဆုများပေးအပ် ချီးမြှင့်ပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

 

ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းမှရရှိသည့် အကျိုး ကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။

 

သင်ကြားပို့ချ

အဆိုပါသင်တန်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် စီမံခန့်ခွဲမှုသဘောတရားများ၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှု၊ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂၀၁၆၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် သီအိုရီများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ၊ သံတမန်ရေးရာအခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ စာရင်းစစ်ဆေးခြင်းနှင့် အစစ်ဆေးခံရန်ပြင်ဆင်ခြင်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်း လက်စွဲ စသည့်ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပြီး သင်တန်းသို့ အရာထမ်း၊ အမှုထမ်း ၃၀ နှင့် အွန်လိုင်းမှ ၂၅ ဦး စုစုပေါင်း ၅၅ ဦး တက်ရောက်ကြသည်။

 

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၃/၂၀၂၃) အထိ အရာထမ်း၊ အမှုထမ်း ၁၉၅ ဦး သင်တန်းပို့ချပြီးဖြစ်ကြောင်းနှင့် သင်တန်း အမှတ်စဉ် (၄ / ၂၀၂၃) ကို စက်တင်ဘာလတွင် ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်