ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေးတိုးတက်မြင့်မား စေရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်

 

နေပြည်တော်၊ အောက်တိုဘာ ၂

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေးတိုးတက် မြင့်မားစေရေး မွမ်းမံသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊  ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပို့ချ ဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်မီး စဉ်ဆက်မပြတ်ရရှိရေးကိုလည်း ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချချက်များ၊ အပြန်အလှန် ဆွေးနွေးခြင်းများမှရရှိသည့် အသိပညာများ၊ အတွေ့အကြုံများဖြင့် လုပ်ငန်းတာဝန်များကို တက်ကြွစွာ ဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာန၏ မူဝါဒချမှတ်ထားသည့် စည်းကမ်းများနှင့် သင်တန်းကာလ တစ်လျှောက်တွင် သင်ကြားပေးခဲ့သည့် ဘာသာရပ်များကို ဆက်လက်ဆည်းပူးလေ့လာပြီး ဝန်ထမ်းကောင်းများအဖြစ် ဌာနအကျိုး၊ အများပြည်သူအကျိုးကို စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားခွဲရုံများ  တည်ဆောက်၊ မောင်းနှင်၊ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၄/၂၀၂၃) နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၄/၂၀၂၃) တို့ကို ရက်သတ္တ (၅) ပတ်ကြာ ဖွင့်လှစ်ပြီး စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃) ကို ရက်သတ္တ (၈) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်