World Bicycle Day အထိမ်းအမှတ် မြိတ်မြို့တွင် စက်ဘီးအစီး(၁၀ဝ)ကျော် တပျော်တပါး စုပေါင်း စီးနင်း

မြိတ်  ၃   ဇွန်   

 

ဇွန်လ(၃)ရက်နေ့တွင် ကျရောက်သော World Bicycle Day အထိမ်းအမှတ် ဒုတိယအကြိမ် စက်ဘီးစီးနင်းပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြိတ်အပျော်တမ်းစက်ဘီးအသင်း(MABC)မှ ဦးဆောင်၍  စက်ဘီးစီးဝါသနာရှင် လူကြီး လူငယ် အမျိုးသား အမျိုးသမီးများ စုပေါင်း၍ စက်ဘီးအစီး(၁၀ဝ)ကျော်ဖြင့် ယနေ့နံနက်(၆)နာရီက မြိတ်မြို့မအားကစားကွင်းစုရပ်မှ စတင်ကာ ပျော်ရွင်စွာ စုပေါင်းစီးနင်းခဲ့ကြကြောင်း သိရသည်။

 

IMG_9

 

“ ကမ္ဘာ့စက်ဘီးစီးနင်းနေ့ဆိုတဲ့ ဒီနေ့မှာ ကမ္ဘာတစ်ဝန်း တစ်ပြိုင်တည်း စက်ဘီးစီးနင်းကြတယ်။ မြန်မာပြည်မှာ (၃၆)မြို့စီးနင်းတယ်လို့ Bicycle Network သတင်းအရသိရတယ်။ မြိတ်မြို့မှာလည်း ကမ္ဘာ့စက်ဘီး စီးနင်းနေ့တွင် ဒုတိယအကြိမ် စက်ဘီးစီးပွဲတော်ကို အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ မြိတ်အပျော်တမ်းစက်ဘီးအသင်း(MABC)မှ ဦးဆောင်၍ စက်ဘီးအစီးရေ(၁၀ဝ)ကျော်ဖြင့် ပျော်ပျော်ပါးပါးစီးနင်း ခဲ့ကြပါတယ်” ဟု မြိတ်အပျော်တမ်းစက်ဘီးအသင်း ဒု-ဥက္ကဋ္ဌ ဦးထွန်းမင်း က ပြောသည်။

 

IMG_9

 

စက်ဘီးစီးနင်းပွဲတော်ကို မြိတ်အပျော်တမ်းစက်ဘီးအသင်း(MABC)မှ ဦးဆောင်၍ စက်ဘီးစီး ဝါသနာရှင်များ၊ အပျော်တမ်းစက်ဘီးစီးနင်းသူများ စုပေါင်း၍ မြို့မအားကစားကွင်းစုရပ်မှ ဗဟိုလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဘုရားကြီးလမ်း၊ တပ်ပြင်လမ်း၊ အောက်ရေပုန်းလမ်း၊ နတ်စင်လမ်း၊ အေးရိပ်ချောင်လမ်း၊ လေယာဉ်ကွင်းလမ်း၊ ရွှေပြည်တန်လမ်း၊ အောင်ဆန်းလမ်း၊ ဦးမြတ်လေးလမ်း၊ ပြည်သာယာလမ်း၊ ပိတောက်ရွှေဝါလမ်းမှ တစ်ဆင့် နောက်လယ်အမှတ်(၁)ဗောတံတားမှ ကမ်းနားလမ်းတစ်လျှောက် သဲကွင်းလမ်းဆုံးအထိ စုပေါင်းစီးနင်း ပန်းဝင်ခဲ့ကြသည်။

 

IMG_9

 

စက်ဘီးအပျော်စီးနင်းပွဲတော်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုနှင့် ဌာနဆိုင်ရာများ၊  မြိတ်အပျော်တမ်းစက်ဘီးအသင်း(MABC)မှ စက်ဘီးစီးအားကစားသမားများ၊ စက်ဘီးစီးဝါသနာရှင် လူကြီး လူငယ် အမျိုးသား အမျိုးသမီးများ တက်ရောက်ခဲ့ကြသည်။ ကမ္ဘာ့စက်ဘီးစီးနေ့အထိမ်းအမှတ် စက်ဘီးအပျော်စီးနင်းပွဲကို မြိတ်မြို့ရှိ စက်ဘီးစီးဝါသနာရှင် လူကြီး လူငယ် အမျိုးသား အမျိုးသမီး(၁၀ဝ)ကျော် စုပေါင်း၍  စက်ဘီးကိုယ်စီဖြင့် ပျော်ရွင်စွာ တပျော်တပါး ပါဝင်စီးနင်းခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )   

 

IMG_91