World Games ပြိုင်ပွဲတွင် မြန်မာစနူကာကစားသမား အောင်ဖြိုးယှဉ်ပြိုင်ရန် ရွေးချယ်ခံရ

မတ် ၂၉၊ ၂၀၂၂

မြန်မာ့လက်ရွေးစင် စနူကာကစားသမား အောင်ဖြိုးသည် ဇူလိုင် ၇ ရက်မှ ၁၇ ရက်အထိ အမေရိကန်နိုင်ငံ၌ကျင်းပမည့် World Games ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရသည်။ နိုင်ငံတကာဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်၊ အာရှဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ယင်းပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရမည့် ကစားသမားစာရင်းအား ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ရာ အောင်ဖြိုး ပါဝင်လာခြင်းဖြစ်သည်။

အာရှဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ယခုလအတွင်း ကာတာနိုင်ငံ၌ကျင်းပသည့် ၂၀၂၂ အာရှဘိလိယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့် ကစားသမားများ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မြန်မာကစားသမား အောင်ဖြိုး ပါဝင်ခဲ့ခြင်းဖြစ်သည်။ အာရှဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် အောင်ဖြိုးနှင့်အတူ အခြားကစားသမားအချို့လည်း ရွေးချယ်ခံထားရသည်။ အောင်ဖြိုးသည် ယခုလအတွင်းကျင်းပသည့် ကမ္ဘာ့စနူကာချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှစနူကာချန်ပီယံရှစ်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာရှပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည်။ ထို့ကြောင့် အာရှဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ရွေးချယ်သည့် လူစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။ အောင်ဖြိုးသည် မြန်မာ့လက်ရွေးစင် စနူကာကစားသမားအဖြစ် တစ်ကျော့ပြန်ရွေးချယ်ခံထားရသူဖြစ်ပြီး မေလတွင် ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

World Games ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ ပုံမှန်ယှဉ်ပြိုင်လေ့ရှိသည့် အားကစားပြိုင်ပွဲမဟုတ်ဘဲ အခါအားလျော်စွာ ယှဉ်ပြိုင်ဖူးကာ ၂၀၀၉ ခုနှစ်တွင် ယှဉ်ပြိုင်ပြီးနောက်ပိုင်း ယခုနှစ်မှ ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-IBSF