ဝါရင့်ဟာသသရုပ်ဆောင် ဇာဂနာနှင့်အပြိုင် “ပြဿနာ” ဇာတ်ကားကြီးမှာ သရုပ်ဆောင်ထားသည့် နေတိုး

Bo Bo Film Production မှ ထုတ်လုပ်ပြီး ဒါရိုက်တာမီးပွား ရိုက်ကူး ထားသော “ပြဿနာ”ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကြီးတွင် ဝါရင့်ဟာသလူရွှင်တော် သရုပ်ဆောင် ဇာဂနာနှင့်အပြိုင် ဟာသပုံစံများဖြင့် အထူးပါဝင်သရုပ်ဆောင်ထားသည့် နေတိုးက “ဟာသကားဆိုပေမယ့် ပညာပေး ကားလေးဆိုလည်း မှန်ပါတယ်၊ ဒီလိုမျိုးဖြစ်ရပ်လေးတွေက အပြင်မှာလည်း ဖြစ်နေကြတာရှိတယ်လေ၊ ယောက္ခမနဲ့ သမက်တို့ရဲ့ကြားက အသေးအဖွဲ ပြဿနာ လေးတွေကို ဟာသနှောပြီး ရုပ်ရှင်အဖြစ် ဖန်တီးရိုက်ကူးထားတာပါ၊ ဒီကားလေးထဲမှာ ကျွန်တော်က စိုးပြည့်သဇင်ရဲ့ အမျိုးသား၊ မစိုးကြီးနဲ့ ဦးဇာဂနာတို့ရဲ့သမက်၊ ဆံပင်ညှပ်တဲ့အလုပ်ကို ကျွန်တော်က လုပ်တယ်၊ ပြောရရင်တော့ ယောက္ခထီးက ချယ်ဆီး ဘောလုံးအသင်းကို အားပေးတဲ့သူ၊ ကျွန်တော်က မန်ယူအသင်းကို အားပေးတဲ့သူ၊ သူနဲ့ကျွန်တော်က ကျားထိုးတာကအစ သူနိုင်၊ ကိုယ်နိုင် ပြိုင်ဆိုင်ကြတာ၊ တကယ်ကို ရယ်စရာ ဟာသလေးအဖြစ်နဲ့ ဖန်တီးထားတဲ့ ဒီ “ပြဿနာ” ဆိုတဲ့ ကားလေးက ပရိသတ်ကြည့်ရင် အမောပြေစေမှာပါ” ဟု အကယ်ဒမီနေတိုးက ဆိုသည်

အဆိုပါ ဇာတ်ကားတွင် ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ ယဉ်လတ်၊ ရွှေပိုးအိမ်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ပေါ်လေးနှင့် အနုပညာရှင်များစွာ ပါဝင်ထားပြီး၊ ယခုလ ၉ ရက်နေ့တွင် ရုံတင်ပြသသွားမည်ဟု သိရသည်

“ဒီဇာတ်ကားကတော့ နာမည်နဲ့လိုက်အောင် ကျွန်တော်တို့ “ပြဿနာ” ဆိုတဲ့အတိုင်း တစ်ကားလုံး ပြဿနာတွေနဲ့ ပြည့်နေတာပါ၊ ကျွန်တော်က ဟာသ ားရိုက်တာနည်းတယ်၊ ဟာသကားအနေနဲ့ နှစ်ကားလောက်ပဲ ကျွန်တော် ရိုက်ဖူးပါတယ်၊ အများဆုံး ကျွန်တော်ရိုက်ဖြစ်တာ အကြမ်းအရမ်းနဲ့ ဒရမ်မာပုံစံတွေ အဓိက ရိုက်ဖြစ်တယ်၊ ကျွန်တော် ဟာသကားရိုက်တဲ့ နေရာမှာလည်း ပရိသတ်ကို ကလိထိုး ရယ်ရတဲ့ပုံစံမဖြစ်စေချင်ဘူး၊ တည်တည်တံ့တံ့နဲ့ တကယ်ရယ်ရတာမျိုးပဲ ကြိုက်တယ်၊ အဲ့ဒါကြောင့်လဲ ဒီကားလေးကို ရိုက်တဲ့နေရာမှာ သေချာလေး ဇာတ်အိမ်တည်ပြီး ကျွန်တော် ဖန်တီးထားပါတယ်၊ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေဆိုလဲ သူ့ နေရာနဲ့သူ အကောင်းဆုံး လုပ်နိုင်ကြပါတယ်”ဟု ဒါရိုက်တာမီးပွားက ပြောသည်။

ဝေလင်း