ယာဉ်မောင်းအကူအဖြစ် သရုပ်ဆောင်ထားသည့် “စရိုက်” ရုပ်ရှင်အတွက် ရင်ခုန်နေကြောင်း ကျော်ထက်အောင် ပြောကြား

မေ ၃၀ ရက်တွင် ရုံတင်ပြသတော့မည့် “ စရိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အခြေခံ လူတန်းစားများ၏ ဘဝကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ကာ ထိုရုပ်ရှင်တွင် ယာဉ်မောင်း အကူ ထွန်းထွန်းနိုင်နေရာမှ ပါဝင်သရုပ်ဆောင်ထားသည့် ကျော်ထက်အောင်က ဇာတ်ကားအတွက် ကြိုတင်ရင်ခုန်နေကြောင်း ပြောကြားသည်။

“ဒီဇာတ်ကားလေးက ရိုက်ထားတာတော့ နှစ်နှစ် ကြာသွားပြီ။ ၂၀၁၇ သင်္ကြန်ပြီး လောက်ကတည်းက ရိုက်ထားတာ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဇာတ်ကား မတိုင်ခင် ကတည်းက ရိုက်ထားတာပါ၊ ရုံတင်တော့မှာကို ရင်ခုန်နေပါတယ်။ ကျွန်တော်တို့က Family Show တော့ ကြည့်ပြီးပါပြီ၊ စရိုက် ဇာတ်ကားက အရင်တုန်းကလည်း အန်တီဝါနဲ့ ဦးထွန်းထွန်းနိုင်တို့ ရိုက်ခဲ့ဖူးတယ်။ ဒေါင်ဒေါင်မြည်တဲ့အသည်းဆိုတဲ့ နာမည်နဲ့ ရိုက်ခဲ့ဖူးတာပါ။ အခု ကျွန်တော်တို့က ပြန်ရိုက်တာပါ။ အခုပြန်ရိုက်တဲ့ စရိုက် ဇာတ်ကားမှာတော့ ကျွန်တော်က ဦးထွန်းထွန်းနိုင်နေရာကနေ ယာဉ်မောင်းအကူအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ Family Show ကြည့်တော့ အန်တီဝါနဲ့အတူတူ ကြည့်ဖြစ်ကြတယ်။ အန်တီဝါကိုလည်း ကျွန်တော် မေးပါတယ်။ ကာရိုက်တာ ဝင်ရဲ့လားလို့။ အန်တီဝါက ကာရိုက်တာဝင်တယ်လို့ ပြောပါတယ်”ဟု ကျော်ထက်အောင်က စရိုက် ရုပ်ရှင်အကြောင်းကို ပြောပြသည်။

သရုပ်ဆောင်ရသည့် ယာဉ်မောင်းအကူ ကာရိုက်တာနှင့်ပတ်သက်၍ ကျော်ထက်အောင်က “ဒီဇာတ်ကားက အခြေခံလူတန်းစားတွေရဲ့ ဖြစ်လေ့ဖြစ်ထ ရှိတာတွေကို ရိုက်ပြထားတာဖြစ်ပါတယ်၊ ဇာတ်လမ်းဆိုတာကလည်း အပြင်လောကမှာ တကယ်ဖြစ်နေတာတွေ ရှိတဲ့အတွက် ဇာတ်လမ်းဆိုတာ ဖြစ်လာတာပါ။ ဒီထဲမှာ ကျွန်တော့် ကာရိုက်တာကတော့ ဆိုးတယ်။ ယာဉ်မောင်းအကူလုပ်တယ်။ ဘယ်သူ့ကိုမှလည်း အလေးအနက်မထားဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အလေးအနက် မထားတတ်တဲ့ ကာရိုက်တာပါ။ ကြုံရာကျပန်းလုပ်တယ်။ ရရစားစားပေါ့၊ မိန်းမကို လည်း ဂရုမစိုက်ဘူး၊ သောက်သောက်စားစား နေတတ်တဲ့ လူတစ်ယောက်ရဲ့ ကာရိုက် တာပါ” ဟု ပြောသည်။

ကျော်ထက်အောင်အနေဖြင့် Myanmar Idol  ပြိုင်ပွဲတွင် Host အဖြစ် ဆောင်ရွက်ရာမှ ပရိသတ်များ၏ အားပေးမှုကို စတင်ရရှိလာခဲ့ပြီး နောက်ပိုင်းတွင် ရုပ်ရှင်လောကသို့ ကူးပြောင်းဝင်ရောက်ခဲ့ချိန်တွင်လည်း သာမန်အားဖြင့် သရုပ်ဆောင်နိုင်ရန် ခက်ခဲသော ကာရိုက်တာများကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ပရိသတ်၏ အသိအမှတ်ပြုမှုကို ပို၍ ရရှိလာလျက်ရှိသလို ယခု ရုံတင်တော့မည့် စရိုက် ဇာတ်ကား မှာလည်း ကျော်ထက်အောင်အနေဖြင့် ယာဉ်မောင်းအကူကာရိုက်တာကို ပထမဆုံး သရုပ်ဆောင်ဖူးခြင်းဖြစ်ကြောင်း သိရသည်။

ကိုလင်း