ယာဉ်မတော်တဆဖြစ်မှုကြောင့် ကနေဒါတွင် သုံးဦးထက်မနည်းသေဆုံး

၆ သြဂုတ်


ကနေဒါနိုင်ငံ လာဗယ်မြို့ အဝေးပြေးလမ်းမ တစ်ခုပေါ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက နောက်တွဲပါ ကုန်တင်ယာဉ်နှစ်စီးနှင့် ခရီးသည် ခြောက်ဦးပါ ယာဉ်တို့ တိုက်မိသောကြောင့်  သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ မီးခိုးများ ထွက်နေသည်ကို ကီလိုမီတာ အတော်ဝေးဝေးမှပင် မြင်နိုင်ကြောင်း  စီတီဗွီ သတင်းဌာန ဖော်ပြထားသည်။  အဆိုပါ ယာဉ်မတော်တဆ ဖြစ်မှုကြောင့် အစားအစာများ တင်ဆောင်လာသော နောက်တွဲပါ ကုန်တင်ယာဉ်သည် မီးများလောင်ကျွမ်းပြီး ခရီးသည်တင် အခြားယာဉ်ကိုပါ မီးကူးစက်ခဲ့သည်။ ကုန်တင်ယာဉ် တစ်စီးမှာ  ဓာတ်ငွေ့အိုးများကို တင်ဆောင်လာသောယာဉ်ဖြစ်သည်။   


ထိုယာဉ်မတော်တဆမှု ဖြစ်ပွားရာနေရာသို့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများ အပြေးအလွှားသွားရောက်ခဲ့ကြောင်းနှင့် အဝေးပြေးလမ်း မိုင်တိုင် ၄၄၀ ၏ အနောက်ဘက်သို့ သွားသောလမ်းများ အားလုံးကို အချိန်အတော်ကြာ ပိတ်ထားခဲ့ကြောင်း ဖော်ပြထားသည်။


၎င်းယာဉ်မတော်တဆဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို