Yangon Water Bus ပြန်လည်ပြေးဆွဲ

ရန်ကုန် အောက်တိုဘာ ၆

 

ကိုဗစ်ကာလနောက်ပိုင်း ယာယီရပ်နားခဲ့သည့် Yangon Water Bus အား ယနေ့နံနက်ပိုင်းတွင် လမ်းသစ်ဆိပ်ကမ်းမှ ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ဆာဖာချောင်ကို ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

“အခုအချိန်မှာတော့ အရင်ကလိုမျိုး ဒီကနေစပြီးတော့ ဗိုလ်တထောင်ကနေအင်းစိန်ထိ ပြေးဆွဲတဲ့ပုံစံမျိုးမ ဟုတ်တော့ဘဲနဲ့ လူအများဆုံးစီးတဲ့နေရာကနေ ပတ်ပြီးတော့ Yangon Water Bus ကိုပြေးဆွဲမှာဖြစ်ပါတယ်၊ ပထမဆုံးက ဝန်ထမ်းအများဆုံးရှိတဲ့ ဆာဖာချောင်ကနေပြီးလမ်းသစ်၊ လမ်းသစ်ကနေ ဆိပ်ကြီးခနောင်တိုဘက်ကိုပါ ဆက်ပြီး တိုးချဲ့ဆွဲဖို့စဉ်းစားထားတယ်၊ နောက်ပြီး ဗိုလ်တထောင်တို့ ဘာတို့လည်း ဆက်ပြီးတိုးချဲ့မယ်၊ ဒါပေမယ့် ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် ငါးနေရာလောက်ကို ထပ်ပြေးဆွဲဖို့လည်း လုပ်ထားပါတယ်၊ အခုပထမဦးဆုံးစဖွင့်တဲ့အနေနဲ့ လမ်းသစ်က နေဆာဖာချောင်ကိုပြေးဆွဲမယ်၊ နောက်နေ့ကျရင် ဆိပ်ကြီးခနောင်တိုဘက်ကိုပါ ပြေးဆွဲဖို့လုပ်ထားပါတယ်”ဟု Yangon Water Bus ၏ Founder CEO ဖြစ်သူ စီအီးအို ဒေါ်တင့်တင့်လွင်က ပြောသည်။

 

Yangon Water Bus ပြန်လည်ပြေးဆွဲရာတွင် လတ်တလောရေယာဉ်နှစ်စင်းဖြင့် ပြန်လည်ပြေးဆွဲခြင်းဖြစ်ပြီး ယာဉ်စီးခနှုန်းထားမှာ ၅၀၀ ကျပ် သတ်မှတ်ထားသည်။ ယခင်ပြေးဆွဲသည့် ရေယာဉ်များသည် ဆီစားနှုန်းများသည့်အတွက် ကုမ္ပဏီအကျိုးအမြတ်နည်းခြင်းနှင့် အရှုံးပြခြင်းများရှိခြင်းကြောင့် ပြန်လည်တွက်ချက်ကာ ဆီစားနှုန်းသက်သာပြီး လေဝင်လေထွက်ကောင်းကာ ပိုကြီးသည့်ရေယာဉ်များဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း၊ ရေယာဉ်ကြီးသည့်အတွက် ခရီးသည်ပိုမိုတင်ဆောင်နိုင်ကြောင်း၊ ခရီးသွားပြည်သူများ အချိန်အကြာစွာ စောင့်ဆိုင်းရန်မလိုကြောင်းနှင့် ယခင်ပြေးဆွဲသည့်ပုံစံမဟုတ်ဘဲ လမ်းသစ်တစ်ဝိုက် ပတ်ဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

“အခု နေ့စဉ်ပြေးဆွဲမယ့် အစီအစဉ်မှာဆိုရင် အဓိကကတော့ကျောင်းသားတွေနဲ့၊ ဝန်ထမ်းတွေကိုရည်ရွယ်တဲ့အတွက် ကျောင်းသားတွေကို မနက် ၆ နာရီခွဲလောက်ကနေစပြီးတော့ ပြေးဆွဲမယ်၊ မနက်ပိုင်း ကျောင်းချိန်အမှီ ပြေးဆွဲပေးမယ်၊ ဝန်ထမ်းတွေအတွက်လည်း ဝန်ထမ်းချိန်ပြီးတဲ့အထိ ၉ နာရီခွဲနောက်ပိုင်းအထိကို ပြေးဆွဲပေးမယ်၊ ကျွန်မတို့သင်္ဘောကို နေ့လယ်ပိုင်းမှာ ခဏရပ်ပါမယ်၊ ညနေပိုင်းအချိန်မှာဆိုလိုရှိရင် ရုံးဆင်းချိန် ၄ နာရီခွဲဝန်းကျင် လောက်မှာပြန်ပြီးတော့ ဟိုဘက်ဒီဘက်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်၊ ညနေပိုင်းမှာလည်း Sunset အနေနဲ့ ပြေးဆွဲ ဖို့လုပ်ထားတယ်၊ Sunset အနေနဲ့ပြီးရင် စနေ၊ တနင်္ဂနွေမှာလည်း တွံတေးခရီးစဉ်ကို ပြေးဆွဲသွားမှာဖြစ်ပါတယ်”ဟု ဒေါ်တင့်တင့်လွင်က ဆက်လက်ပြောသည်။

 

Sunset ခရီးစဉ်ကို ၅၀၀၀ နှင့် တွံတေးခရီးစဉ်ကို ၁၈၀၀၀ လို့ သတ်မှတ်ထားပြီး လူ ၁၀၀ ကျော်သာလက်ခံ၍ အေးအေးဆေးဆေး ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ တွံတေးခရီးစဉ်တွင် ဖျော်ရည်နှင့် သောက်ရေသန့်များတိုက်မည် ဖြစ်ကာ ကျန်အစားသောက်များ ဝယ်ယူစားသောက်နိုင်ရန်အတွက်လည်း ရေယာဉ်ပေါ်တွင် စီမံဆောင်ရွက်ပေးထားကြောင်း၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် Sunset ရေယာဉ်ကိုပါ ထည့်သွင်းပြေးဆွဲကာ Public Holiday များတွင်လည်း Sunset နှင့် တွံတေးခရီးစဉ်ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ Yangon Water Bus ရေယာဉ်ခရီးစဉ်အား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး ကမ္ဘာတစ်လွှားဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါ နောက်ပိုင်းခေတ္တရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဗလစိုး