YBS ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်သူတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ရန်ကုန် ၁၆ ဇန်နဝါရီ 


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက် ကမ်းနားကားမှတ်တိုင်တွင်YBSယာဉ်လိုင်း အမှတ်(၆)ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက် မသင်္ကာသူ ရန်ပြေဦးကို ခေါ်ယူစစ်ဆေးရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ ငွေကျပ် ၁၂၅ဝဝ ကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးထံမှ နှိုက်ယူခဲ့သော ငွေဖြစ်ကြောင်း သိရှိရသဖြင့် အင်းစိန်မြို့မ ရဲစခန်း၌ အမှုဖွင့် အရေးယူခဲ့သည်။ 


ဖမ်းဆီးရမိသူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၅) ရပ်ကွက်နေ ရန်ပြေဦး(၃၃ နှစ်)အား အသေးစိတ်ထပ်မံစစ်ဆေးခဲ့ရာ ယင်းနေ့ မွန်းတည့် ၁၂ နာရီကYBS ယာဉ်လိုင်းအမှတ်(၂၁) ယာဉ်ပေါ် ပါ အမျိုးသမီးတစ်ဦးထံမှ ဖုန်းတစ်လုံးနှိုက်ယူခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ၎င်းသည် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများပေါ်တွင် ဖုန်းအမျိုးအစားစုံ လေးလုံး၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများပေါ်တွင် ဖုန်းသုံးလုံး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများပေါ်တွင် ဖုန်းသုံးလုံး၊ တာမွေမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများပေါ်တွင် ဖုန်းသုံးလုံး၊ ရန်ကင်းမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများပေါ်တွင် ဖုန်းသုံးလုံးတို့ကို နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ရန်ပြေဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်