YBS ယာဉ်မောင်းအား ယာဉ်အကူမှ ဓားဖြင့်ထိုးသဖြင့် သေဆုံး

ရန်ကုန် ၁၀ ဧပြီ

 


ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၁)ရပ်ကွက်၊ စက်မှုဇုန်ရှိ YBS အမှတ်(၉) ယာဉ်ဂိတ်တွင် ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်က ယာဉ်မောင်းအား ယာဉ်အကူမှ ဓားဖြင့်ထိုးသဖြင့် သေဆုံးမှုဖြစ်ပွားသည်။

 


အခင်းဖြစ်စဉ်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သွားရောက်စစ်ဆေးရာ ယာဉ်မောင်းကိုကိုမောင် (ခ) ကြွက်မှီး ဆိုသူသည် ဂိတ်တဲအနီးရှိ ကွပ်ပစ်ပေါ်တွင် ပက်လက်အနေအထားဖြင့် သေဆုံးနေပြီး ၎င်း၏ခန္ဓာကိုယ်အား စစ်ဆေးရာ ဝဲနံအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာရင်အုံ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာပုခုံးအပေါ် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာနောက်ကျော ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးကြောင်း၊ အခင်းဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူ ဂိတ်မှူး ဦးခင်ဇော်အား မေးမြန်းရာ သေဆုံးသူမှာ YBS အမှတ်(၉) မောင်းနှင်သူ ကိုကိုအောင် (ခ) ကြွက်မှီးဖြစ်ပြီး ရွှေအုပ်ဂူ(၃)လမ်း၊ (၈)ရပ်ကွက် သာကေတမြို့နယ်နေသူဖြစ်ကြောင်း၊ ဓားဖြင့်ထိုးသူမှာ ယာဉ်နောက်လိုက် ကျော်ကိုကိုရှိုင်း (ခ) တောက်တက်ဖြစ်ပြီး နှစ်ယောက်သား ဆီဖြည့်ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ကြပြီးနောက် ကျော်ကိုကိုရှိုင်း (ခ) တောက်တက်မှ ကိုကိုအောင်အား ဓားဖြင့်ထိုးကာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

 


ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ထိုးသူ ကျော်ကိုကိုရှိုင်း (ခ) တောက်တက် အသက်(၂၅)နှစ် (၅)ရပ်ကွက်၊ သာကေတနေသူအား သက်သေခံဓားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဒဂုံမြိူ့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 


ကိုကြီးစိုး(ဆိပ်ကမ်း)