ယီမင်နိုင်ငံ၏ ဟူသီ အဖွဲ့က ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ မောင်းသူမဲ့လေယာဉ်နှစ်စင်းအား ပစ်ချ

၃၁ ဒီဇင်ဘာ

 

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ပိုင်ဆိုင်သော မောင်းသူမဲ့လေယာဉ်နှစ်စင်းကို ၎င်းတို့အဖွဲ့က ယမန်နေ့ကပစ်ချခဲ့သည်ဟု ယီမင်နိုင်ငံ၏ ဟူသီအဖွဲ့က ပြောကြားခဲ့သည်။

 

ပထမဆုံးမောင်းသူမဲ့လေယာဉ်ကို ယီမင်နိုင်ငံမြောက်ပိုင်း ဆာအဒါပြည်နယ်ရှိ ရာဇစ်ရှ်ခရိုင်တွင် ပစ်ချခဲ့ပြီး ဒုတိယမြောက် မောင်းသူမဲ့လေယာဉ်ကို ယီမင်ပင်လယ်နီဆိပ်ကမ်းမြို့ ဟိုဒီဒက်ရှ် ရှိ ဆာလဖ်ဒေသတွင် ပစ်ချခဲ့ကြောင်း ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရာရှ်ရာ ဆာရီရာ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယီမင်ရှိ အီရန်နှင့်မဟာမိတ် ရှီအိုက်ဟူသီအဖွဲ့ကို လေးနှစ်ကျော်ကြာ ရင်ဆိုင်လျက်ရှိသည့် ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့ကမူ လောလောဆယ် အတည်ပြုချက်  ထုတ်ပြန်ခြင်း မရှိပေ။

 

သမ္မတ အာဘတ် ရပ်ဘူ မန်ဆို ဟာဒီ ပြည်နှင်ဒဏ်ခံရပြီးနောက် ၂၀၁၅ ခုနှစ်မတ်လတွင် ညွန့်ပေါင်းအဖွဲ့က ယီမင်ပြည်တွင်းစစ်ကို ဝင်ရောက်စွက်ဖက်ခဲ့သည်။

 

တိုင်းပြည် ငတ်မွတ်ခေါင်းပါးမှု ကျရောက်လုဆဲ အခြေအနေနှင့်သောင်းချီရှိသော ပြည်သူများ သေဆုံးခဲ့ရသည့် ထိုစစ်ပွဲကို  ကုလသမဂ္ဂကအဆုံးသတ်ရန် ကြိုးစားနေသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို