စက်တင်ဘာ ၁၈
ယီမင်နိုင်ငံအနောက်မြောက်ပိုင်းဟိုဒီဒက်ပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ခုနစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။
အဆိုပါမိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူများသည် ထိုပြည်နယ်၏မြောက်ပိုင်း အယ်လ်လူဟရက်နှင့် အက်ဇူဟတ်ခရိုင်တို့မှ အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားတစ်ဦးတို့ဖြစ်ကြသည်။
နိုင်ငံတစ်ဝန်းတွင် မိုးရာသီကာလအတွင်း အလားတူမတော်တဆမှုများဖြစ်ပွားခဲ့ရာ ယခုအကြိမ်မိုးကြိုးပစ်ခံရမှုသည် နောက်ဆုံးထုတ်ပြန်ဖော်ပြထားခြင်းဖြစ်သည်။
ယီမင်အမျိုးသားမိုးလေဝသဌာနက ဟိုဒီဒက်အပါအဝင် ပြည်နယ်အများအပြားရှိနိုင်ငံသားများအား မိုးသည်းထန်စွာရွာသွန်းမှုများ၊ ရေကြီးရေလျှံမှုများနှင့် မိုးသက်မုန်တိုင်းများနှင့်ပတ်သက်ပြီး သတိပေးပြောကြားထားသည်။
ရာသီဥတုပြောင်းလဲလာမှုဆက်စပ်သော သဘာဝဘေးအန္တရာယ်များသည် စစ်ဘေးသင့်နိုင်ငံရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို ပိုမိုဆိုးရွားလာစေခဲ့ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ယီမင်နိုင်ငံ၏ အခြေခံအဆောက်အအုံများပျက်စီးပြီး စားနပ်ရိက္ခာနှင့် စားဝတ်နေရေးလုံခြုံမှုမရှိခြင်းတို့မြင့်မားလာသည်ဟု ကုလသမဂ္ဂက မကြာသေးမီက ထုတ်ပြန်ချက်တစ်ခုတွင်ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို