ယိုရှီဟီဒါ ဆူဂါ ကို ဂျပန်ဝန်ကြီးဖြစ်လာနိုင်သူအဖြစ် ရွေးချယ်လိုက်ကြောင်း သိရ

၁၄ စက်တင်ဘာ

 

ဂျပန်ဝန်ကြီးချုပ် တာဝန်ကို ယူထားတဲ့ ရှင်ဇိုအာဘေးက ကျန်းမာရေးကြောင့် တာဝန်မှာ အနားယူပြီးနောက် အာဏာရပါတီက ပါတီခေါင်းဆောင်အသစ်ကို ဒီနေ့ (တနင်္လာနေ့) မှာ မဲပေးရွေးချယ်လိုက်ပါတယ်။ ပါတီခေါင်းဆောင်သစ်ကို အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သူ ယိုရှီဟီဒါ ဆူဂါကို ရွေးချယ်လိုက်ကြောင်း သိရပါတယ်။

 

လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဂျပန်လွတ်တော်က ထပ်မံမဲပေးပြီး  ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မှာဖြစ်ပါတယ်။ အာဏာရပါတီရဲ့ ပါတီခေါင်းဆောင်အဖြစ်ရွေးချယ်ခံလိုက်ရတဲ့ ဆူဂါဟာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရမှာ သေချာနေပါတယ်။ မစ္စတာဆူဂါဟာ ၂၀၂၁ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ အချိန်အထိ တာဝန်ယူသွားမှာဖြစ်ပါတယ်။

 

အာဏာရပါတီ Liberal Democratic Party ရဲ့ လွှတ်တော်အမတ်တွေနဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေက ပါတီခေါင်းဆောင်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဆူဂါ အား မဲဆန္ဒပေးနိုင်သူ ၅၃၄ ဦးမှ ၃၇၇ ဦးမှ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဆူဂါနဲ့ ပြိုင်ဘက်တွေ ဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း ရှီဂီရု အီရှီဘား နဲ့ LDP ပါတီမူဝါဒရေးရာ အကြီးအကဲ ဖူမီယို ကီရှီးဒါးတို့ဖြစ်ပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဟောင်း အီရှီဘားဟာ ဂျပန်ပြည်သူတွေကြားမှာ လူကြိုက်များပေမယ့် ပါတီအတွင်းမှာတော့ ၆၈ မဲသာ ရရှိခဲ့ပါတယ်။  ပါတီမူဝါဒရေးရာ အကြီးအကဲ ကီရှီးဒါးကတော့ ၈၉ မဲရရှိခဲ့ပါတယ်။

 

အသက် ၇၁ နှစ်အရွယ် ဝန်ကြီးချုပ်ဖြစ်လာနိုင်သူ ဆူဂါဟာ ဝန်ကြီးချုပ် အာဘေးရဲ့ မူဝါဒတွေကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ခန့်မှန်းရပါတယ်။

 

ဆူဂါဟာ စတော်ဘယ်ရီစိုက်တဲ့ လယ်သမားရဲ့ သားတစ်ဦးဖြစ်ပြီး နိုင်ငံရဲ့ မြောက်ပိုင်း အကီတာ ဒေသမှာ ကြီးပြင်းသူဖြစ်ပါတယ်။ အဲဒီဒေသမှာ လူဦးရေ တိုးတက်မှုမရှိတာကို တွေ့ရတဲ့အတွက် အဲဒီအကြောင်းအရာကလည်း သူစိုးရိမ်တဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။

 

ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်ရာထူးကို သက်တမ်းအရှည်ဆုံး တာဝန်ယူခဲ့တဲ့ ခေါင်းဆောင်အဖြစ် မှတ်တမ်းတင်ခံခဲ့ရသူဖြစ်ပါတယ်။

 

MDN

ကိုကား- AFP