ယခုနှစ် ဇန်နဝါရီလမှ မေလဝက်အထိ ကာလအတွင်း YBS ယာဉ်တိုက်မှု ကြောင့်သေဆုံးသူ ၁၈ ဦးရှိခဲ့

 

ရန်ကုန် မေ ၂၁

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေ ၁၅ ရက်အထိ ကာလအတွင်း YBS ယာဉ်တိုက်မှု ၃၂ မှုရှိခဲ့ရာ သေဆုံးသူ ၁၈ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ စာရင်းများအရ သိရသည်။

အထက်ပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၃၇ ဦးလည်းရှိခဲ့ကာ ယာဉ်တိုက်မှုဖြစ်စဉ်များအနက် လမ်းသွားလမ်းလာ/ လမ်းဖြတ်ကူးစဉ် တိုက်မိသဖြင့် သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရရှိသူ ၄ ဦး၊ ယာဉ်ပေါ်မှပြုတ်ကျ၍ သေဆုံးသူ ၂ ဦး၊ စက်ဘီးနှင့်တိုက်မိမှုကြောင့် ဒဏ်ရာရရှိသူ ၃ ဦး သေဆုံးသူ ၄ ဦး၊ မော်တော်ဆိုင်ကယ်နှင့် တိုက်မိမှုကြောင့် ဒဏ်ရာရရှိသူ ၅ ဦးနှင့် သေဆုံးသူ ၂ ဦး၊ Taxi နှင့် တိုက်မိမှုကြောင့် ဒဏ်ရာရရှိသူ ၁ ဦးနှင့် သေဆုံးသူ ၂ ဦး၊ ကိုယ်ပိုင်ယာဉ်နှင့် တိုက်မိမှုကြောင့် ဒဏ်ရာရရှိသူ ၁၅ ဦးနှင့် သေဆုံးသူ ၁ ဦး၊ ဓာတ်တိုင်နှင့် တိုက်မိမှုကြောင့် ဒဏ်ရာရရှိသူ ၉ ဦးရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ယာဉ်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့အညီ ပြေးဆွဲနိုင်ရေးတို့အတွက် စစ်ဆေးရေးအဖွဲ့ (၈)ဖွဲ့ဖြင့်လည်းကောင်း၊ ယာဉ်ကြောရှုပ်ထွေးသည့် မှတ်တိုင် ၁၆ မှတ်တိုင်တွင်လည်းကောင်း ခရိုင် (၃)ခရိုင်အဖွဲ့ ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၅ ရက်အထိ စည်းကမ်းထိန်းရေးနှင့် စစ်ဆေးရေးဌာနမှ YBS ကုမ္ပဏီများ၏ လအလိုက် စည်းကမ်းဖောက်ဖျက်သည့် အမှုအရေအတွက်မှာ (၂၃၈၉၂)မှုရှိခဲ့ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

YRTC အနေဖြင့် ယာဉ်လိုင်းများအား စိစစ်အရေးယူရာတွင် ဇန်နဝါရီလမှ မေလအတွင်း မှတ်သားဖမ်းဆီးမှု ၂၂၄၁၇ မှု၊ သတ်မှတ်ကီလိုမီတာကျော်ကာ မောင်းနှင်မှု ၄၅၃ မှု၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု ၁၄၀ မှု၊ တိုင်ကြားမှု ၃၀၁ မှု၊ ယာဉ်တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု ၂၀၉ မှု၊ မီးနီဖြတ်မောင်းမှု ၁၄၃ မှု၊ မဆင်မခြင်မောင်းနှင်မှု ၉၁ မှု၊ အခြားအမှု ၉၉ ခု၊ ရပ်နားချိန်ကြာမြင့်မှု ၃၅ မှု၊ Facebook အမှု ၃ ခုနှင့် မချေမငံပြောဆိုမှု ၁ ခုတို့ ပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)သည် စည်းကမ်းဖောက်ဖျက်မှုများ၊ ယာဉ်နောက်လိုက်ထားရှိမှုနှင့် ယာဉ်စီးခ ပိုမိုကောက်ခံသည့် ယာဉ်များကိုလည်း အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

MT