ယခုနှစ်ဘောလုံးရာသီ မန်ယူအသင်း  ပရီမီယာလိဂ်ဖလား ဆွတ်ခူးနိုင်ကြောင်း နည်းပြ ဆိုးလ်ရှား ယုံကြည်

၁၂  ဒီဇင်ဘာ

 

မန်ယူအသင်းအနေနဲ့ ရာသီအစ ပရီမီယာလိဂ် ဖလားမှာ ရလဒ်တွေ ဆိုးရွားခဲ့ပေမယ့် တစ်ဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာပြီ ဖြစ်တာကြောင့် ပရီမီယာလိဂ် ဖလားကို စိန်ခေါ်နိုင်မယ့် အသင်းဖြစ်လာမယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက သူ့ရဲ့ ယုံကြည်ချက်ကို ပြောပါတယ်။

 

မန်ယူအသင်းဟာ ယနေ့ညမှာ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဆိုးလ်ရှားကတော့ မန်ယူအနေနဲ့ မန်စီးတီးကို အနိမ့်ဆုံး  သရေကစားနိုင်ပြီး ဒီပွဲမှာ အနိုင်ရမယ့်အသင်းဆိုရင် မန်ယူသာဖြစ်မယ်လို့ ဆိုပါတယ်။  မန်ယူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့လေးပွဲမှာ လေးပွဲလုံး အနိုင်ရရှိပြီး အဲဒီထဲကမှ သုံးပွဲဟာ နောက်ကလိုက်ကစားခဲ့ရကာ  ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။

 

ဆိုးလ်ရှားကတော့ “ ခင်ဗျားက မန်ယူအသင်းမှာဆိုရင် ဖလားတွေ ရယူဖို့ လိုအပ်ပါလိမ့်မယ်။ ရာသီအစ ရလဒ်ပိုင်း မကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အနိုင်ရလဒ်တွေ ဆက်တိုက် ရယူလာနိုင်ပါပြီ။  ပွဲတိုင်းကိုသာ အခုအရှိန်အဟုန်အတိုင်း အနိုင်ကစားနိုင်မယ်ဆို ရာသီကုန်မှာ ပရီမီယာလိဂ်ဖလားက မန်ယူအတွက် ဖြစ်လာပါလိမ့်မယ်” လို့ ဆိုခဲ့ပါတယ်။

 

မန်ယူအသင်းဟာ  ပရီမီယာလိဂ်မှာ ရလဒ်တွေ ပြန်လည်ကောင်းလာပေမယ့်  ချန်ပီယံလိဂ်မှာ နှစ်ပွဲဆက်ရှုံးပြီး  အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရကာ  ၁၆ သင်း ရှုံးထွက်အဆင့်ကို မတက်ရောက်နိုင်ခဲ့တဲ့ တစ်ခုတည်းသော ပရီမီယာလိဂ် အသင်းဖြစ်ခဲ့ပါတယ်။  ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာက  နည်းပြဆိုးလ်ရှားရဲ့ လူထုတ်ပုံနဲ့ နည်းဗျူဟာ အခင်းအကျင်းတွေက ရှေးရိုးဆန်လွန်းတဲ့ ပုံစံမျိုးတွေကြောင့် ဖြစ်တယ်လို့ မန်ယူကြယ်ပွင့်ဟောင်း ပေါလ်ပါကားက ဝေဖန်ခဲ့ပါတယ်။

 

မေလဲ့သင်း