ယခုနှစ်ကြံရာသီတွင် ဗီယက်နမ်နိုင်ငံသို့ သကြားအဖြူတန်ချိန် ၅၀၀၀ စတင်တင်ပို့

မန္တလေး ဇန်နဝါရီ  ၂၄

 

ယခုနှစ်ကြံရာသီတွင် ဗီယက်နမ်နိုင်ငံသို့ ပြည်တွင်းထွက်ကုန်ဖြစ်သော သကြားအဖြူတန်ချိန် ၅၀၀၀ ကို စတင်တင်ပို့နေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။ 

 

အဆိုပါ နိုင်ငံသို့ ပြည်တွင်းထွက်ကုန်ဖြစ်သော သကြားအဖြူ တန်ချိန် ၄၅၀၀၀ ကို တင်ပို့ရောင်းချရန် စာချုပ်ချုပ်ဆိုထားကြောင်း၊ သကြားစက်ရုံများလည်း ဒီဇင်ဘာလဆန်းမှစ၍ ကြံများကို ကြိတ်ဝါးနေပြီး၊ ယင်းစက်ရုံများမှ ထွက်ရှိလာသည့် သကြားများကို လက်ရှိအချိန် တွင် ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၅၀၀၀ ကိုစတင်၍ တင်ပို့ထားပြီး ဖြစ်ကြောင်း၊ ဆက်လက်၍ ကျန်တန်ချိန်များကိုလည်း တင်ပို့ရောင်း ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

" လက်ရှိမှာ ဗီယက်နမ်နိုင်ငံကို သကြားတင်ပို့နေပါပြီ။ ဒီဇင်ဘာလထဲမှာ သကြားစက်တွေ စတင်လည်ပြီးတော့ တန်ချိန် ၅၀၀၀ ကိုတော့ ပို့ပြီးပါပြီ။ ပြည်ပမှာ သကြားဈေးက တစ်တန်ကို အမေရိကန် ဒေါ်လာ ၅၅၀ ဝန်းကျင်ရှိပါတယ်။ သကြားကို ကမ်းလှမ်းတာတွေကတော့ အာရှနိုင်ငံတွေ၊ အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတွေရှိပါတယ်။ ပြည်တွင်းစားသုံးမှုကို အဓိက ဦးစာပေးတာကြောင့် အဲဒီနိုင်ငံတွေက ကမ်းလှမ်းတာကို မရောင်းချနိုင်သေးပါဘူး။ လာမယ့်နှစ် တွေမှာ ထုတ်လုပ်မှုတွေတိုးတက်လာရင် ပို့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကြံစိုက်ဧကတွေကလည်း တိုးလာတာတွေ့ရပါတယ်။ ပြည်ပတင်ပို့တာက ပြည်တွင်းစားသုံးမှု ဖူလုံတဲ့အတွက် တင်ပို့ ရောင်းချ နေတာပါ။ အဓိကအနေနဲ့ကတော့ ပြည်တွင်းစားသုံးမှုဖူလုံရေးကို ဦး တည်ဆောင်ရွက်ပါတယ်။ တစ်နှစ်တစ်နှစ်ကို သကြားတန်ချိန် ၄၅၀၀၀၀ ထွက်ပါတယ်" ဟု ၎င်းက‌ပြောသည်။  

 

လက်ရှိအချိန်တွင် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ အနောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊(တောင်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ သကြားစက်ရုံများလည်ပတ်ကာ သကြားများကို ထုတ်လုပ်နေပြီဖြစ်ကြောင်း၊ ကြံစိုက်ဧကများအနေဖြင့် ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ ပထမအများဆုံးစိုက်ပျိုးကြပြီး ဒုတိယအနေဖြင့် ပဲခူးတိုင်းဒေသကြီးတို့မှ အများဆုံးစိုက်ပျိုးကြ ကြောင်း သိရသည်။

 

မောင်အေးချမ်း