ယခုနှစ်ကုန်တွင် ကမ္ဘာ့လူဦးရေ ရှစ်ဘီလီယံအထိရှိမည်ဟု ကုလသမဂ္ဂပြောကြား

ဂျီနီဗာ ဇူလိုင် ၁၂
ကမ္ဘာ့လူဦးရေသည် ယခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ရှစ်ဘီလီယံ (သန်း ၈၀၀၀) အထိ ရှိလာမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည့် အစီရင်ခံစာ တစ်ရပ်ကို ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်လိုက်ပြီး အဆိုပါ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်သွားမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြသည်။

ကမ္ဘာ့လူဦးရေမှတ်တိုင်သည် မိမိတို့၏ မတူကွဲပြားမှုကို ဂုဏ်ပြုရန်၊ မိမိတို့၏ တူညီသော လူသားဆန်မှုကို အသိအမှတ် ပြုရန်နှင့် မိခင်နှင့်ကလေး သေဆုံးမှုနှုန်းကို သိသိသာသာ လျှော့ချပေးသည့် ကျန်းမာရေးဆိုင်ရာ တိုးတက်မှုများပင်ဖြစ် ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ဆိုသည်။

သို့သော်လည်း ၁၉၅၀ ပြည့် နှစ်ကစ၍ ကမ္ဘာ့လူဦးရေသည် အနှေးကွေးဆုံးနှုန်းဖြင့် တိုးပွားလာနေကြောင်း ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာဌာနက ခန့်မှန်းထားသည်။ ကမ္ဘာ့လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် ၈ ဒသမ ၆ ဘီလီယံနှင့် ၂၀၅၀ ပြည့် နှစ်တွင် ၉ ဒသမ ၇ ဘီလီယံအထိရှိ သင့်ပြီး ၂၁၀၀ ပြည့်နှစ်မတိုင်မီ ၂၀၈၀ ပြည့်လွန်နှစ်များအတွင်း လူပေါင်း ၁၀ ဒသမ ၄ဘီလီယံခန့်အထိ ရောက်ရှိသင့်ကြောင်း အဆိုပါထုတ်ပြန်ချက်က ဆိုသည်။

ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားတွင် မွေးဖွားနှုန်းကျဆင်းမှုကို သတိပြုမိသော်လည်း လာမည့်ဆယ်စုနှစ်များအတွင်း မြင့်တက်လာမည့် ကမ္ဘာ့လူဦးရေ ခန့်မှန်းချက်၏ ထက်ဝက်ကျော်သည် နိုင်ငံရှစ်နိုင်ငံ၌ စုစည်းနေမည်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများမှာ ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံ၊ အီဂျစ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် တန်ဇန်းနီးယား နိုင်ငံတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အေအက်ဖ်ပီ