ယခုနှစ်ရာသီတွင် ထွက်ရှိသည့် မိုးထောင် ငရုတ်များ ယမန်နှစ်ထက် ဈေးနှစ်ဆကျော် မြင့်တက်

မန္တလေး   ၉  အောက်တိုဘာ

 

ယခုနှစ်ရာသီတွင် ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်းနှင့် ကျောက်ဆည်မြို့နယ်များမှ ထွက်ရှိသည့် မိုးထောင် ငရုတ်များ ယမန်နှစ် ကာလတူပေါက်ဈေးထက် ဈေးနှစ်ဆကျော် မြင့်တက်လာကြောင်း မန္တလေးဈေးကွက်မှ သိရသည်။

 

အဆိုပါ ငရုတ်များမှာ ယမန်နှစ် ယခုလိုရာသီတွင် တစ်ပိဿာလျှင် ၂၀ဝ၀ ကျပ် ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဝယ်လိုအား ကောင်းစွာ ဈေးပေးဝယ်ယူနေသောကြောင့် တစ်ပိဿာလျှင် ၅၅၀ဝ ကျပ်ဈေးအထိ မြင့်တက်လာသည့်အပြင် သင်္ကြန်ပြီးကာလမှစ၍ ငရုတ်အစိုများကိုလည်း အဆိုပါနိုင်ငံများမှ ဈေးကောင်းပေး၍ စတင်ဝယ်မှုများရှိလာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

1

 

''ဒီနှစ်တော့ ငရုတ်စိုက်တောင်သူတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ ပြောရမှာပဲ။ ဓာတုကင်းစင်တဲ့ မြန်မာ့ငရုတ်ကို တရုတ်နဲ့ထိုင်းက ဝယ်လိုအား ကောင်းလာတဲ့အတွက် ဈေးနှုန်းတွေကလည်း မနှစ်ကထက် နှစ်ဆကျော် မြင့်တက်လာတယ်။ ဒါအပြင် ဒီနှစ်ရဲ့ ထူးခြားချက်အနေနဲ့ တရုတ်နဲ့ထိုင်းက တစ်ခါမှ မဝယ်ဘူးတဲ့ ငရုတ် အမှည့်အစိုတွေကိုလည်း တစ်ပိဿာကို ၆၀ဝ၀ ကျပ်ဈေးအထိ ဈေးကောင်းပေးပြီး ဝယ်ယူမှုတွေ ရှိလာတယ်။ လက်ရှိ အခြေအနေမှာ ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း ငရုတ်ခြောက်အတွက် ခေတ်မီထုတ်ပိုးစနစ်တွေ အခြောက်ခံစက်တွေအပြင် ငရုတ်အစိုအတွက်လည်း အအေးခန်းတွေကို တည်ဆောက်လာကြတယ်'' ဟု ၎င်းက ပြောသည်။

 

လက်ရှိ မန္တလေးဈေးကွက်တွင် မိုးထောင်ငရုတ်အခြောက် တစ်ပိဿာလျှင် ၅၅၀ဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငရုတ်အပွ(အမဲ) တစ်ပိဿာလျှင် ၆၀ဝ၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငရုတ်ပွ(ထိပ်စ) တစ်ပိဿာလျှင် ၁၀ဝ၀ဝ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချနေရပြီး လက်ရှိအချိန်တွင် ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်များ၌ ငရုတ် လှိုင်လှိုင် ထွက်ရှိနေသည့်အတွက် ငရုတ်စိုက်တောင်သူများသာမက ဒေသခံများပါ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

1