ယခုနှစ်တွင် ချင်းတောင်၏အလှတောင်ဇလပ်နှင့် ချယ်ရီပင်များထိန်းသိမ်းရေးအလေးပေးမည်

တီးတိန် ၆ ဇန်နဝါရီ ချင်းပြည်နယ်၏အမှတ်သင်္ကေတဖြစ်သော တောင်ဇလပ်နှင့် ချင်းတောင်ချယ်ရီအပါအဝင်သစ်တော သယံဇာတနှင့်ရှားပါးသားငှက်တိရစ္ဆာန်များထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းကို ယခုနှစ်အတွင်း အားပေးမြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ၂၀၁၈ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယနှစ်အတွင်း ချင်းပြည်နယ်အတွင်းရှိ တောင်ဇလပ်နှင့် ချင်းတောင်ချယ်ရီ၊အောက်ချင်းငှက်နှင့် မျက်ခုံးဖြူငှက်ပြာခြောက်စသည့်တို့ အပါအဝင် ချင်းတောင်တန်းရှိ သစ်တောသယံဇာတနှင့် ရှားပါး သားငှက်တိရစ္ဆာန်များကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ချင်းတိုင်းရင်းသားလူမျိုးများ၏ စာပေယဉ် ကျေးမှုနှင့်ရှားပါးဓလေ့အမွေအနှစ် များကိုဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက်ခြင်းစသည့် လုပ်ငန်းများကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောဆိုသည်။ အအေးပိုင်းပေါက်ပင်တစ်မျိုးဖြစ်ပြီး နှစ်စဉ် နိုဝင်ဘာလ မှ ဧပြီလ အတွင်းပန်းပွင့်လေ့ရှိသည့် ချင်း တောင်တန်းမှ ချယ်ရီနှင့်တောင်ဇလပ်တို့ကို ခရီးသွားများက ပန်းပွင့်များခူးယူခြင်း၊ကိုင်းချိုးခြင်းနှင့် အပင် လိုက်ခုတ်ယူမှုများရှိနေသည့်အတွက်အချိန်မီကာကွယ်ထိန်းသိမ်းရန်လိုအပ်ကြောင်း ပတ်ဝန်ကျင်းထိန်းသိမ်းရေးလုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများက ပြောကြားသည်။ “ ကျွန်တော်တို့အဖွဲ့အနေနဲ့တောင်ဇလပ်နဲ့ ချယ်ရီပန်းပင်အပါအဝင် ချင်းတောင်သဘာဝပေါက်ပင်တွေ ကာကွယ်ရေးအနေနဲ့ ပညာပေးလက်ကမ်းစာစောင်တွေဖြန့်ဝေတယ်။ ကနေဒီတောင်နဲ့ လေသာ တောင်တန်းပေါ်မှာ တောင်ဇလပ်ပန်းနဲ့ချယ်ရီပန်းပင်တွေကို စိုက်ပျိုးခဲ့ပါတယ်။ အခုလိုချင်းပြည်နယ်ရဲ့ သင်္ကေတ၊ အထိမ်းအမှတ်ပန်းပင်တွေကို ခုတ်ယူနေကြတာကို ထိထိရောက်ရောက်ထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်နေပါတယ် ” ဟု ကနေဒီစိမ်းလန်းစိုပြည်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးလှိုင်အောင်က ပြောကြားသည်။ တောင်ဇလပ်ပန်းနှင့် ချယ်ရီပင်များကို ခုတ်ယူခြင်းမပြုလုပ်ရန်သစ်တောဌာန၏သတိပေး ဆိုင်းဘုတ်များကို မြင်သာသည့်နေရာများတွင်တွေ့မြင်ရသော်လည်း တောင်ဇလပ်နှင့် ချယ်ရီပန်းပွင့်ချိန် ဆောင်း ရာသီတွင်အကိုင်းလိုက်၊ အပင်လိုက်ခုတ်ယူမှုများ နေ့စဉ်ရှိနေကြောင်းယင်းကဆက်လက်ပြောဆိုသည်။ ချင်းတောင်ချယ်ရီနှင့် တောင်ဇလပ်များရေရှည်တည်တံ့ရေးနှင့်ထိန်းသိမ်းရေးအတွက် မင်းတပ် မြို့နှင့် ကန်ပက်လက်မြို့ရှိ လူငယ်များကတောင်ဇလပ်ပန်းများ မခူးရစာတန်းပါ ဗီနိုင်းများကို ခေါနူးစုမ်တောင်ပေါ်တွင် ချိတ်ဆွဲခြင်း၊ တီးတိန်မြို့နေလူငယ်များကကနေဒီတောင်တန်းတွင် တောင်ဇလပ်ပန်းများ ကိုတန်ဖိုးထားတတ်စေရေး တောင်ဇလပ်စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ပြည်နယ်ကိုအလှဆင်ကြပါစို့ပါ ဗီနိုင်းဖြင့် လှုံ့ဆော် အသိပညာပေးလှုပ်ရှားခြင်းအပြင် ချင်းပြည်နယ်ရှိအရပ်ဖက်လူမှုအဖွဲ့ အစည်းများစုပေါင်းကာ တောင်ဇလပ်ပန်းပင်များစိုက်ပျိုးခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ နေစု(ချင်းရိုးမ)