ယခုရာသီ အမျိုးသမီးလိဂ် နောက်ဆုံးပွဲ မနက်ဖြန်ကျင်းပမည်

ရန်ကုန်  ၉  ဇွန်

 

၂၀၁၈-၂၀၁၉ ရာသီအမျိုးသမီးလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲဖြစ်သည့် မြဝတီအသင်းနှင့် သစ္စာအားမာန်အသင်းတို့ပွဲကို ဇွန် ၁၀ ရက်  ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ ယခုရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ပြီးဆုံးရန် ယင်းတစ်ပွဲသာ ကျန်ရှိတော့ပြီး ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲလည်း ဖြစ်သည်။

 

မြဝတီနှင့် သစ္စာအားမာန်ပွဲကို ဇွန် ၉ ရက်က ကျင်းပရန် စီစဉ်ထားသော်လည်း တစ်ရက်နောက်ဆုတ်ခဲ့ပြီး အောင်ဆန်းကွင်းအစား သုဝဏ္ဏကွင်း၌ ပြောင်းလဲကျင်းပမည်ဖြစ်သည်။ ဇွန် ၆၊ ၇ ရက်က ကျင်းပသည့် နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၄) တွင် အား/ကာသိပ္ပံအသင်းက YREO အသင်းကို သုံးဂိုး-ဂိုးမရှိ၊ ဇွဲကပင်အသင်းက ဂန္ဓမာအသင်းကို ကိုးဂိုး-တစ်ဂိုး၊ အား/ကာဦးစီးဌာနအသင်းက တက္ကသိုလ်အသင်းကို လေးဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရခဲ့ပြီး ပထမ၊ ဒုတိယနှင့် တတိယနေရာမှလွဲ၍ ကျန်အဆင့်ရပ်တည်မှုများ ထွက်ပေါ်ပြီးဖြစ်သည်။ ချန်ပီယံအသင်းမှာလည်း ထွက်ပေါ်လုဖြစ်နေပြီး ပွဲကုန် ၁၄ ပွဲကစား ၃၇ မှတ်ရကာ ဂိုးကွာခြားချက် (+၂၃) အသာရထားသည့် အား/ကာသိပ္ပံအသင်းက ချန်ပီယံဆုရရန် သေချာသလောက်ရှိနေသည်။ ၃၄ မှတ်ရထားသည့် လက်ရှိချန်ပီယံ မြဝတီအသင်းအနေဖြင့် နောက်ဆုံးပွဲတွင် ၂၄ ဂိုးနှင့်အထက် အနိုင်ရမှသာ ချန်ပီယံဆုကာကွယ်နိုင်တော့မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ရမှတ်တူလျှင် နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကို ကြည့်သော်လည်း အား/ကာသိပ္ပံနှင့် မြဝတီအသင်းတို့မှာ တစ်ကျော့စီအနိုင်ရခဲ့သောကြောင့် ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်ဖြစ်ရာ အား/ကာသိပ္ပံအသင်းက သာလွန်နေခြင်းဖြစ်သည်။ 

 

မြဝတီနှင့် သစ္စာအားမာန်အသင်းတို့ပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း