ဖနောင်ပင် မတ် ၁၉
ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းဝင်ငွေသည် ယမန်နှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၇ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က ထက် ၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ မတ် ၁၈ ရက် မှတ်တမ်းအရ သိရသည်။
နိုင်ငံအတွင်းသို့ယမန်နှစ်အတွင်းက ခရီးသွားဝင်ရောက်မှု အနည်းငယ်လျော့နည်းခဲ့သော်လည်း ဝင်ငွေရရှိမှုပမာဏများခဲ့ကြောင်း ၎င်းမှတ်တမ်းအရ သိရသည်။
ခရီးသွားလုပ်ငန်းကဏ္ဍမှ အလုပ်အကိုင် ၄၂၀၀၀၀ ကို ဖန်တီးပေးခဲ့ကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းသည် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အိမ်ရာရောင်းချရေး၊ အထည်ချုပ်၊ ခရီးသွားထုတ်ကုန်၊ ဖိနပ်လုပ်ငန်းများနှင့်အတူ နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ပေးသည့်လုပ်ငန်းဖြစ်သည်။ ကမ္ဘောဒီးယား နိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအတွက် နွေးထွေးသည့်နေရာတစ်ခုဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး ဟွပ်ဟက်က ပြောကြားသည်။ ကမ္ဘာလှည့်ခရီးသွားများအား ကာကွယ်စောင့်ရှောက်ရေးအတွက် အွန်လိုင်းလိမ်လည်မှုများကို အရေးယူဆောင်ရွက်နေပြီး မှုခင်းကြိုတင် ကာကွယ်ရေးကိုဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေအပါအဝင် ယူနက်စကိုအမွေအနှစ်စာရင်းဝင် နေရာငါးခုရှိပြီး နိုင်ငံအနောက်တောင်ပိုင်းတွင် အရှည် ကီလိုမီတာ ၄၅၀ ရှိသည့် ကမ်းရိုးတန်းရှိသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ


