ယနေ့ ရန်ကုန်မြို့နဲ့ YBS

 

ဆွေဦးဝေ

 

ကိုလူမောင် ဘတ်စ်ကားမှတ်တိုင်ရောက်တော့ ညနေ ၆ နာရီ ထိုးတော့မှာဖြစ်ပါတယ်။ နေ့စဉ် အလုပ်တွေပြီးတော့ ရုံးဆင်းပြီး ဘတ်စ်ကားမှတ်တိုင်ရောက်တော့ ပုံမှန်ဒီအချိန်ပါပဲ။ ဒီအချိန်ဆိုရင် ခရီးသည်တင် YBS ဘတ်စ်ကားတွေ အလာကျဲသွားပါတယ်။ ဘတ်စ်ကား မှတ်တိုင်မှာ ကိုလူမောင်နဲ့အတူ ဘတ်စ်ကားစောင့်နေသူ ခြောက်ဦး ရှိနေပေမယ့် တဖြည်းဖြည်းနဲ့ များလာပါတယ်။ ဒီအချိန်ဆို မှတ်တိုင်မှာ အနည်းဆုံး မိနစ် ၃၀ ခန့်ကြာအောင် စောင့်ရတာမို့ အရင်က သိပ်အခက်အခဲမရှိပေမယ့် အခုလို ကိုဗစ်-၁၉ ကာလမှာ ဇွန် ၁ ရက်ကစတင်ပြီး လုပ်ငန်းခွင်ကို ဝန်ထမ်းတွေ အင်အားပြည့် ပြန်လည်တက်ရောက်ချိန်မှာ ဘတ်စ်ကားတစ်စီးနဲ့တစ်စီး လာတဲ့အချိန်ကြာတာနဲ့အမျှ ကားပေါ်မှာ လူကျပ်နေတတ်ပါတယ်။ အခုလောလောဆယ် ဒီလိုအခြေအနေဆိုပေမယ့် YBS ကားတွေ တဖြည်းဖြည်းနဲ့ စီးရေအပြည့် ပြန်လည်ပြေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တာဝန်ရှိသူတွေက ပြောကြားနေပါတယ်။

“၂၀၂၀ ပြည့်နှစ် ဇွန် ၂ ရက်အထိ YBS ယာဉ်အစီးရေ ၃၅၀၀ ခန့် ပြေးဆွဲနေပြီး ပုံမှန် အစီးရေပြေးဆွဲမှုရဲ့ ၇၉ ရာခိုင်နှုန်းအထိ ရှိနေ ပါတယ်။ မကြာခင် ယာဉ်အစီးရေ ပြေးဆွဲမှု ပုံမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

စီစဉ်ပေးထား

ရန်ကုန်မြို့မှာ နေ့စဉ်သွားလာနေကြတဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေ ဟာ သွားလာရေးအတွက် နေ့စဉ် YBS ယာဉ် တွေနဲ့ မြို့ပတ်ရထားခရီးစဉ်တွေကိုသာ အဓိက အားထားပြီး သွားလာနေတာ ဖြစ်ပါတယ်။ ကိုလူမောင်တို့လို ရုံးဝန်ထမ်းတွေလည်း ဖယ်ရီ စီစဉ်ပေးထားပေမယ့် ဖယ်ရီကား လာကြိုချိန် ဟာ စောင့်ရတာမို့ မစီးဖြစ်တာ များပါတယ်။

နေ့စဉ် ရုံးတက် ရုံးဆင်းချိန်တွေဆိုရင် YBS ယာဉ်တွေပေါ်မှာ စီးနင်းသူတွေ ပြည့်နေ တတ်ပါတယ်။ ကိုလူမောင်တို့လို ဘတ်စ်ကား အားကိုးစီးနေရသူတွေအနေနဲ့ အခုလို ကိုဗစ်- ၁၉ နဲ့ ရင်ဆိုင်နေရတဲ့ကာလမှာ ဘတ်စ်ကား စီးတိုင်း နှာခေါင်းစည်း၊ လက်အိတ်နဲ့ အသင့်သုံး လက်သန့်ဆေးရည်ပုလင်းတွေ ဆောင်ထား ရပါတယ်။ ဘတ်စ်ကားပေါ်မှာလည်း လက်သန့် ဆေးရည်ဘူးတွေ ထားရှိပေးတဲ့အပြင် အချို့ ဘတ်စ်ကားတွေပေါ်မှာ နှာခေါင်းစည်း ဝေငှ တာတွေလည်း ရှိနေတတ်ပါတယ်။ ရန်ကုန်မြို့ မှာ ဘတ်စ်ကား စီးသူတွေအနေနဲ့ တစ်ဦးချင်း ကျန်းမာရေးအသိစိတ်ရှိဖို့ လိုအပ်သလို စေတနာရှင်တွေရဲ့ ပူးပေါင်းပါဝင်ကူညီမှုတွေ ကြောင့် မှတ်တိုင်တိုင်းလိုလိုမှာ လက်ဆေး ဘေစင်တွေ ထားရှိပေးထားတာမို့ ကျေးဇူး တင်စရာကောင်းနေပါတယ်။

ချောင်ချောင်ချိချိ စီးနင်းနိုင်

လာမယ့် ဇူလိုင်လမှာဆိုရင်တော့ YBS ယာဉ်တွေ အစီးရေအပြည့် ပြေးဆွဲဖို့ YRTA က စီစဉ်နေပြီဖြစ်တာမို့ ကိုလူမောင်တို့လို ဘတ်စ်ကားအားထားစီးနင်းသူတွေ သက်သက် သာသာ ချောင်ချောင်ချိချိ စီးနင်းနိုင်တော့မှာ ဖြစ်ပါတယ်။ အခု ဇွန် ၁ ရက်ကစတင်ပြီး ရုံးတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်ပြီး အင်းအားပြည့်လုပ်ကိုင်ဖို့ ခွင့်ပြုပေးလိုက် ပေမယ့် အရင်ကထက်စာရင် YBS စီးသူတွေ နည်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ မတိုင်ခင် တစ်နေ့ကို YBS စီးသူဦးရေဟာ ၁၈ သိန်းကျော် ရှိလာခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်နေ့ကို YBS စီးသူဦးရေဟာ ငါးသိန်းခန့်သာ ရှိနေတယ် လို့ YRTA ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ နေ့စဉ် ရုံးဖွင့်ရက်တွေမှာ ရုံးတက်၊ ရုံးဆင်းချိန် တွေဆိုရင် ဘတ်စ်ကားတွေပေါ်မှာ လူပြည့် နေတတ်ပြီး ကျန်နေ့ခင်းပိုင်းအချိန်တွေမှာ တော့ ထိုင်ခုံစေ့လောက်ပဲ စီးသူရှိပါတယ်။

တကယ်တော့ ရန်ကုန်မြို့ဟာ ကိုဗစ်-၁၉ ကူးစက်သူဦးရေအနေနဲ့ မြန်မာနိုင်ငံမှာ အများဆုံးဖြစ်နေတာမို့ အခုလို ဘတ်စ်ကား စီးတဲ့အခါ ထိုင်ခုံစေ့နဲ့ မတ်တတ်ရပ်စီး လေး ငါးဦးလောက်ဆိုရင် ကူးစက်မှုအနည်းဆုံးအနေ အထား ဖြစ်သွားမှာလို့ ကိုလူမောင် စဉ်းစား နေမိပါတယ်။ YBS ယာဉ်လိုင်းတွေနဲ့ ပြေးဆွဲနေ တဲ့ ကားတွေအတွက် နေ့စဉ် ဝင်ငွေ သတ်မှတ် စံချိန်တွေ မပြည့်ဝပေမယ့် ကျန်းမာရေး အကျိုးသက်ရောက်မှုကတော့ ကြီးမားတဲ့ အထောက်အကူဖြစ်စေမှာ အမှန်ပါပဲ။

တွက်ခြေမကိုက်တဲ့ အနေအထားရှိနေ

ရန်ကုန်မြို့မှာ ဇွန် ၆ ရက်အထိ YBS ဘတ်စ်ကားစီးသူဦးရေဟာ အရင်ကထက် သုံးပုံ တစ်ပုံသာရှိနေပြီး အရင်က YBS ယာဉ် တစ်စီးရဲ့ တစ်နေ့ဝင်ငွေဟာ ကျပ် တစ်သောင်း မှ တစ်သိန်းအထိ ရရှိခဲ့ပါတယ်။ အခုအချိန် မှာတော့ YBS ယာဉ်တစ်စီးရဲ့ တစ်နေ့ဝင်ငွေ ဟာ ကျပ် လေးသောင်းခန့်သာ ရှိနေတာမို့ ယာဉ်ပိုင်ရှင်တွေ၊ ကုမ္ပဏီတွေအနေနဲ့လည်း ပြေးဆွဲစရိတ်၊ စီမံမှုနဲ့ ပြင်ဆင်မှုစရိတ်တွေ အပြင် စီအင်န်ဂျီ ကုန်ကျစရိတ်တွေ ပါရှိနေ တာမို့ တွက်ခြေမကိုက်တဲ့အနေအထား ရှိနေပါတယ်။

စီးနင်းရမှုတွေပါ အဆင်ပြေ

ဒီလိုအခြေအနေတွေကြောင့် YBS ယာဉ် တွေ နေ့စဉ်အသုံးပြုနေတဲ့ စီအင်န်ဂျီဈေးနှုန်း တွေ လျှော့ချပေးဖို့လည်း အစိုးရကို တင်ပြ ထားတယ်လို့ သိရပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မယ့် ဖြေရှင်းမှုတစ်ရပ် ထွက်ပေါ် လာရင်တော့ အခုအခြေအနေထက် ပိုမို ကောင်းမွန်တဲ့ YBS ယာဉ်တွေ ပြေးဆွဲမှုနဲ့ စီးနင်းရမှုတွေပါ အဆင်ပြေလာမယ်လို့ ကိုလူမောင် တွေးနေမိပါတယ်။

အချိန်တိုးချဲ့ပြေးဆွဲမှု ယခုထက် ပိုမိုဖြည့်ဆည်း

ရန်ကုန်မြို့မှာ အခုဆိုရင် ညဦးပိုင်း ၇ နာရီ၊ ၈ နာရီအထိ YBS ယာဉ်တွေ အချိန်တိုးချဲ့ ပြေးဆွဲမှု ယခုထက် ပိုမိုဖြည့်ဆည်းပေးနိုင်ရင် အလုပ်ချိန်မတူ၊ လုပ်ငန်းခွင်အခြေအနေမတူ၊ အိမ်ပြန်ချိန်မတူတဲ့သူတွေအတွက် ယာဉ် စီးနင်းရမှု ပိုမိုကောင်းမွန်တဲ့ အနေအထား ဖြစ်လာမှာဖြစ်ပါတယ်။

ငါးမိနစ်၊ ၁၀ မိနစ်ခန့်သာခြား

YBS ကို ရန်ကုန်မြို့မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး လမ်းကြောင်း ၁၃၅ ခု၊ ယာဉ်အစီးရေပေါင်း ၄၅၀၀ ခန့်နဲ့ ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ယာဉ်လိုင်းပေါင်း ၁၂၄ လိုင်းခန့်မှာ YBS ယာဉ် တွေကို မောင်းနှင်တဲ့ယာဉ်မောင်း ၄၈၀၀ ခန့်နဲ့ ကိုဗစ်-၁၉ မတိုင်မီက ပြေးဆွဲနေခဲ့တာ ဖြစ်ပါ တယ်။ အဲဒီအချိန်က YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတဲ့ယာဉ်တွေဟာ တစ်စီးနဲ့တစ်စီး အချိန် ငါးမိနစ်၊ ၁၀ မိနစ်ခန့်သာ ခြားပြီး သက်ဆိုင်ရာမှတ်တိုင်တွေကို ဝင်ရောက်နေတာ ဖြစ်လို့ YBS ယာဉ်စီးသူတွေ အဆင်ပြေခဲ့ကြ ပါတယ်။

အခုအချိန်မှာတော့ ရန်ကုန်မြို့ဟာ ကိုဗစ်-၁၉ ကာလမှာ ပြန်လည်ရုန်းထဖို့ ကြိုးစား နေချိန်ဖြစ်တာမို့ လုပ်ငန်းတိုင်း အရှိန်ယူနေရတဲ့ အချိန်ဖြစ်တာကြောင့် အခက်အခဲအနည်းငယ် တော့ ရှိမှာဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန် မြို့ ပြည်သူတွေ နေ့စဉ် အားကိုးသွားလာ စီးနင်းနေရတဲ့ YBS ယာဉ်တွေ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ဖို့ လိုအပ်နေပါတယ်။

မှတ်တိုင်ကို YBS ယာဉ် ဆိုက်ရောက် လာတာမို့ ကိုလူမောင် ကားပေါ်တက်လိုက် ပါတယ်။ ကားပေါ်မှာ ခရီးသည် ကျပ်ကျပ် ဖြစ်နေတာမို့ စိတ်မသက်မသာဖြစ်နေပေမယ့် လာမယ့် ဇူလိုင်လမှာတော့ YBS ယာဉ်အစီးရေ အပြည့် ပြန်လည်ပြေးဆွဲနိုင်ပါစေလို့ စိတ်ထဲ ဆုတောင်းနေမိပါတယ်။ ။

 

မြန်မာ့အလင်း