နေပြည်တော်   ဇန်နဝါရီ    ၂၉

ONE Friday Fights 140 ပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင်  ထိုင်းနိုင်ငံ၌  ကျင်းပမည်ဖြစ်ပြီး မြန်မာဖိုက်တာနှစ်ဦးဖြစ်သည့်  သွေးလင်းထက်က Main Event၊ ဆွန်ရက်က Co-Main Event ထိုးသတ်ရမည်ဖြစ်သည်။

ONE   Championship အဖွဲ့အစည်းသည်     မြန်မာဖိုက်တာ များကို ဆက်တိုက်ပွဲထုတ်နေသလို Main   Event  ပွဲကို   ပြိုင်ပွဲနှစ်ခု ဆက်တိုက်ထိုးသတ်ခွင့်ပေးခြင်းဖြစ်သည်။   ပြီးခဲ့သည့် သောကြာနေ့ညက ကျင်းပသည့်   ONE Friday Fights 139 ပြိုင်ပွဲတွင် မြန်မာဖိုက်တာလေးဦးအထိ ထိုးသတ်ခွင့်ရပြီး စိုးလင်းဦးက Main Event ထိုးသတ်ခဲ့သည်။  ယခုပြိုင်ပွဲတွင် သွေးလင်းထက်က  Main Event အဖြစ် ထိုင်းဖိုက်တာ ကောင်ချိုင်း၊ ဆွန်ရက်က  Co-Main Event အဖြစ် ထိုင်းဖိုက်တာ ဘူခေါင်အိုနှင့် ထိုးသတ်ရမည်ဖြစ်သည်။

သွေးလင်းထက်သည် ONE နှင့် ခုနစ်ပွဲထိုးသတ်ထားရာ ငါးပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပြီး လေးပွဲဆက်တိုက်အနိုင်ရပြီးမှ နောက်ဆုံးထိုးသတ်သည့်ပွဲတွင် ဝါရင့်ထိုင်းဖိုက်တာ ဆမ်အေကို အမှတ်ဖြင့် ရှုံးနိမ့်ထားသည်။ ကောင်ချိုင်းမှာမူ ONE နှင့် ၁၅ ပွဲထိုးသတ်ထားရာ ကိုးပွဲနိုင်၊ခြောက်ပွဲရှုံးနိမ့်ထားသည်။ ဆွန်ရက် သည် ONE နှင့် ၁၄ ပွဲထိုးသတ်ထားရာ ရှစ်ပွဲနိုင်၊ ခြောက်ပွဲရှုံး၊ ဘူခေါင်အိုက ONE နှင့် ရှစ်ပွဲထိုးသတ်ထားရာ ခြောက်ပွဲနိုင် နှစ်ပွဲရှုံးနိမ့်ထားသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-onefc