ယနေ့လူငယ်များနှင့် ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး

ယနေ့လူငယ်များနှင့် ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး

 

(ယမန်နေ့မှအဆက်)

 

၂၁။ ဦးမြကြီး

အနုပညာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်ဆိုင်းအဖွဲ့ အုပ်ချုပ်ကွပ်ကဲသူ။ “မြန်မာ့နှဲအကြောင်း” စာအုပ်ဖြင့် စာပေဗိမာန် စာပေဆုရရှိခဲ့သူ၊ အနုပညာဦးစီးဌာန အကြံပေး ပုဂ္ဂိုလ်ဖြစ်ပါသည်။ (ထို မြန်မာ့နှဲစာအုပ်သည် ၁၉၉၅ ခုနှစ်အတွက် အမျိုးသားစာပေဆုကို မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဘာသာရပ်ဖြင့် ထပ်မံချီးမြှင့်ခြင်း ခံရသည်။ ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၂၂။ မန္တလေး ဦးအုန်းမောင်

ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကြီးကြပ်ရေးဒိုင်အဖွဲ့ဝင်၊ မန္တလေးပန်တျာတွင် စန္ဒရားနည်းပြ၊ မာမာအေး၊ ရီရီသန့်တို့၏ ဆရာတစ်ဆူဖြစ်သည်။ သီချင်းကြီး စိစစ်ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ရင်း မကြာမီကပင် အနိစ္စရောက်ခဲ့သည်။ (ဆရာသည် ပထမ အကြိမ် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ၌ အတီးအကဲဖြတ် ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။)

 

၂၃။ စောင်း ဦးမြင့်မောင်

မန္တလေးပန်တျာ စောင်းနည်းပြ။ ၁၉၆၈ ခုနှစ် တွင် လန်ဒန်သို့ စောင်းပညာရှင်အနေဖြင့် တက်ရောက်ခဲ့သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၂၄။ စိန်လှမြိုင်

သဘင်လောကမှ ဆိုင်းပညာရှင်တစ်ဦး။ သီချင်းရေးဆရာ။ ဆိုင်းခေါင်းဆောင်မှုတွင် ထင်ရှားသူအဖြစ်တွေ့ရသည်။ (ယခု ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။)

 

၂၅။       စိန်ဘမော်

ဆိုင်းပညာရှင်တစ်ဦး။ ဆိုင်းခေါင်းဆောင် မှုတွင် ထင်ရှားသူ ဖြစ်သည်။ (နိုင်ငံတော်မှချီးမြှင့်သည့် စည်သူဘွဲ့ကို ရရှိထားပါသည်။)

 

၂၆။       စိန်ထွန်းကြည်

အနုပညာဦးစီးဌာန ဇာတ်အဖွဲ့(၂) ဆိုင်း ခေါင်းဆောင်တာဝန်နှင့် ပင်စင်ယူခဲ့သည်။ ပတ္တလားကျွမ်းကျင်၍ ကိုယ်တိုင်လုပ်တတ်သူဖြစ် သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၂၇။       ဦးသိန်းဖေ

စောင်းပညာရှင်၊ မြစိမ်းပင်သီချင်းကို ရေးသားစပ်ဆို၍ စောင်းတီးခတ်ရာတွင် ကျွမ်းကျင်သော ပညာရှင်ဖြစ်သည်။ စိန်ခင်မောင်ရီ ရေးစပ်သည့် ငွေညို့ပင်သီချင်းကို သီဆိုရာတွင် လူကြိုက်များ လှသည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၂၈။       ဦးတင်ဖေ

ပန်တျာ နှစ်ခါပြန်တက်ပြီး ခြောက်နှစ်ကြာသင်ခဲ့သူ။ အနောက်တိုင်း တေးဂီတပိုင်းတာဝန်ကို အနုပညာဦးစီးဌာန၌ ထမ်းရွက်ခဲ့သည်။ တယောပဒေသာနှင့် မျိုးဆက်သစ်များ မွေးထုတ်ပေးခဲ့သူ ဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၂၉။       ဦးခင်မောင်လှ

တပ်မတော် (ရေ) စစ်တီးဝိုင်းခေါင်းဆောင် ရဲဘော်ခင်မောင်လှဖြစ်၍ အနုပညာဦးစီးဌာန၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သည်။ အသံဩဇာရှင်တစ်ဦး ဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၃၀။ ဒေါ်သင်းသင်းမြတ်

ကံဘဲ့ဆရာအတတ်သင် လက်ထောက် ကထိက၊ သီချင်းကြီးသရုပ်ဖော်အစီအစဉ်၌ ထင်ရှားကျော်ကြားသူဖြစ်သည်။ (ယခုနှစ်ကျင်းပမည့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝယ် အဆိုအကဲဖြတ်လုပ်ငန်း အဖွဲ့ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်နေသည်။)

 

၃၁။ ဒေါ်သင်းသင်း

ဂီတမယ်သင်းသင်း၊ ရွာစားကြီး အလင်္ကာ ကျော်စွာ ဦးဘမောင်၏သမီး။ ဂီတရွှေတံဆိပ်ဆုရ၊ အနုပညာဦးစီးဌာန၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သည်။

 

၃၂။ ဦးရွှေဒေါင်းညို

ယဉ်ကျေးမှုတက္ကသိုလ်ကောင်စီဝင်၊ အနုပညာ ဦးစီးဌာန၏ အကြံပေးပုဂ္ဂိုလ်၊ ကဗျာလွတ်ကို စတင်တီထွင်ခဲ့သူ၊ ချစ်ဦးညို၊ ဒေါင်းမလေးတို့၏ ဖခင် ဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၃၃။ မြန်မာမိတ် မတင်အောင်

မန္တလေးပန်တျာ အကနည်းပြဆရာမကြီး၊ ရိုးရာ အက အလှ ပညာများ၌ ကျွမ်းကျင်သူ။ ယဉ်ကျေးမှု တက္ကသိုလ်သို့ အကပညာစာစောင်များ လှူဒါန်းခဲ့သူ ဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၃၄။ ဒေါ်အောင်သန်းတင်

အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်နှင့် တွဲဖက်၍ ကပြခဲ့သူ၊ အသံကောင်းလွန်းသဖြင့် တုမရသော ပညာရှင်ကြီးဖြစ်သည်။ ဇာတ်စာ၊ ဇာတ်စကားများတွင် စံပြဖြစ်သည်။ ဖွားတော်မူခန်း၊ တောထွက်ခန်း၊ ဗုဒ္ဓဝင်ဇာတ်တော်များ၌ မယ်တော် မာယာအဖြစ် သရုပ်ဆောင်သော အထူးကျော်ကြားသူ ပုဂ္ဂိုလ်ကြီးဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၃၅။ ဒေါ်အောင်သန်းကြည်

ရွှေမန်းတင်မောင်နှင့် တွဲဖက်ကပြခဲ့ပြီး ရုပ်ရည်ချောမောသည်။ ယမုန်နာပတ်ပျိုးအကကို တီထွင်ခဲ့သည်။ အကကောင်းသော နာမည်ကြီးပုဂ္ဂိုလ် ဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၃၆။ ဒေါ်ကောလိပ်မြိုင်

ရန်ကုန် ပန်တျာကျောင်း နည်းပြဆရာမ၊ ကောလိပ်မြိုင် ကိုယ်ပိုင်အငြိမ့်ပိုင်ရှင်၊ သီချင်းကြီး၊ သီချင်းခံများကို ကျွမ်းကျင်ပိုင်နိုင်၍ ဆရာစိုးကြီး၏ တပည့်ရင်း၊ ထူးခြားသော အသံပိုင်ရှင်ဖြစ်သည်။ ဦးသျှန်ထွန်းနှင့် ဧဧမော်တို့၏ မိခင်ဖြစ်သည်။ တက္ကသိုလ်မှချီးမြှင့်သော ကောလိပ်မြိုင်ဘွဲ့ကို ရရှိခဲ့ရာ အမည်ရင်းမှာ ဒေါ်လှမြိုင်ဖြစ်သည်။(ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၃၇။      ဂီတာမန်းရာပြည့် ဦးတင်

ဂီတရွှေတံဆိပ်ဆုရပုဂ္ဂိုလ်ဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၃၈။      လင်းခေးလုလင် ဦးမောင်မောင်ကြီး

မန်းရာပြည့်ပြိုင်ပွဲ အရေးပြိုင်ပွဲတွင် ပထမဆု ရသူ၊ သီချင်းရေး ဂီတစာဆိုအဖြစ်နှင့် နိုင်ငံတော်အား ကူညီခဲ့သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၃၉။ စန္ဒရား တင်ဝင်းလှိုင်

စွယ်စုံရပုဂ္ဂိုလ်၊ တေးဂီတမှူး၊ စန္ဒရားဆရာ ပဒေသာမျိုးလှိုင်၏ ပညာအမွေဆက်ခံသူ၊ အနှစ်သာရရှိသော သီချင်းများ သီကုံးခဲ့သူ၊ မဟာဝိဇ္ဇာ မြန်မာစာ ဘွဲ့ရရှိ၍ ဂီတကျွမ်းကျင်သူ အနုပညာရှင်တစ်ဦး ဖြစ်သည်။

 

၄၀။ စောင်း သိန်းဟန်ကြီး

လက်ကျလက်နကောင်း၍ သံစဉ်ကူးပြောင်း ရာ၌ နိုင်နင်းသူ ပါရမီရှင်ဖြစ်သည်။ (ယခု ကွယ်လွန် ခဲ့ပြီဖြစ်သည်။)

 

၄၁။ မောင်မောင်ကြီး

အကျည်းတန်ချစ်သူ၊ သစ်ခြောက်ပင်အောက် ပန်းကောက်သူ တေးများနှင့် ကျော်ကြားခဲ့သောအသံ ပညာရှင်ဖြစ်သည်။ သီချင်းကြီးလည်း သီဆိုသည်။ (နိုင်ငံတော်မှ ချီးမြှင့်သည့် စည်သူဘွဲ့ကို ရရှိခဲ့သည်။)

 

၄၂။ ဦးရွှေငါး

ဟာသဝိဇ္ဇာ၊ မျက်ခုံးပလို့ဖြင့် နာမည်ကြီးသူ။ အနုပညာဦးစီးဌာန၏ အကြံပေးပုဂ္ဂိုလ်၊ ကာရန် နဘေအစပ်အဆိုကောင်း၍ ပညာစုံကျွမ်းကျင်သော ပညာရှင်ကြီးဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၄၃။ ဦးအေဝမ်း

ဦးကြုံတိုင်းနှင့်တွဲဖက်၍ ဟာသပညာ၊ အကပညာ၊ သဘင်ပညာများ ကျွမ်းကျင်သော ပညာရှင်တစ်ဦးဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၄၄။ အဆိုတော် ထား

ဆရာ ရွှေတိုင်ညွန့်၏ ရင်သွေး၊ ဇော်ဝင်းထွဋ် ၏မိခင်၊ ကိုမျိုးဆက်၏နှမ၊ ဂီတအမွေကို ဆက်ခံသူ အဆိုတော် အသံရှင်တစ်ဦး ဖြစ်သည်။ (နိုင်ငံတော်မှ ချီးမြှင့်သည့် စည်သူဘွဲ့ကို ရရှိခဲ့သည်။)

 

၄၅။ ဒေါ်ခင်စိုးဝင်း

“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” တေးဖြင့် ပရိသတ်အားစွဲမက်စေခဲ့သူ။ သီချင်းကြီး၊ သီချင်းခံများကို ပိုင်နိုင်သော ပညာရှင်ဖြစ်သည်။

 

၄၆။ ဒေါ်ခင်မာချို

အလယ်ခေတ် အငြိမ့်လောက၌ ထင်ရှားခဲ့သည်။ ဦးချစ်မောင်၊ ဒေါ်အောင်ကြည်တို့၏ တပည့်၊ အဆိုကောင်း၊ အသံကောင်း၊ အကကောင်းသော အငြိမ့်မင်းသမီးကြီး၊ ကိုယ်ပိုင်အငြိမ့် တည်ထောင်သူ ဖြစ်သည်။ ဆို၊ က၊ ရေး၊ တီး၌ ဝင်းဗိုလ်နှင့်တွဲ၍ ဖျော်ဖြေခဲ့သည်။

 

၄၇။ ဦးရည်နွယ်

ယဉ်ကျေးမှုတက္ကသိုလ် လက်ထောက်ကထိက၊ ဂီတကျွမ်းကျင်ပညာရှင်၊ ဦးချစ်မောင်၊ ဒေါ်အောင်ကြည် ၏သားတပည့်ရင်း၊ သီချင်းကြီး စိစစ်ရေးအဖွဲ့ဝင်၊ ပတ္တလား၊ စန္ဒရားကျွမ်းကျင်သူ အနုပညာရှင် ဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၄၈။ နေပြည်တော် တင်ဝင်း

ယဉ်ကျေးမှုတက္ကသိုလ်၏ လက်ထောက် ကထိက၊ ပန်တျာမှာ သဘင်နည်းပြဖြစ်၍ များပြားလှသော လူငယ်တို့အား မွေးထုတ်ပေးခဲ့သော ဇာတ်မင်းသားဟောင်းကြီး၊ ရုပ်ချောလှပသူဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၄၉။ ဒေါ်တင်တင်မြ

ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သည်။ သီချင်းကြီး၊ ကာလပေါ်များ ရာချီ၍ သီဆိုခဲ့သည့် အသံစွမ်းအားရှင်ဖြစ်သည်။ နိုင်ငံ့တာဝန်ကို ဘက်စုံမှ ထမ်းရွက်နေဆဲ။ ဒေါ်စောမြ ဧကြည်နှင့် သူမ၏ဖခင် ရွှေမောင်း ဦးသန်းကြီးထံမှ ပညာအမွေအနှစ်ရခဲ့သူ ပါရမီရှင်တစ်ဦးဖြစ်သည်။ (နိုင်ငံတော်မှချီးမြှင့်သည့် စည်သူဘွဲ့ကိုရရှိခဲ့သည်။)

 

၅၀။ ဒေါ်စိန်ဌေး

အနုပညာဦးစီးဌာန၏ မဟာဂီတ ပင်တိုင် တေးသံရှင်၊ အထူးအစီအစဉ်များ၌ သီချင်းကြီးများ သီဆိုသူ၊ စောင်းတီးခတ်တော်သူ ပညာရှင်ဖြစ်ပါသည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၅၁။ ဒေါ်စန်းနု အနုပညာဦးစီးဌာန၏ အကနည်းပြအဆင့် (၁)၊ ယိမ်းအကပညာများကို ပို့ချပေး၍ နိုင်ငံတော်ပွဲများ၌ ကကွက်ဖန်တီးပေးရသူ ဆရာမတစ်ဦး ဖြစ်သည်။

 

၅၂။       ဒေါ်အုန်းရီ

အနုပညာရှင် အဆင့်(၁)၊ အကနည်းပြဆရာမ၊ အကမျိုးစုံဖန်တီးပေးသူဖြစ်သည်။

 

၅၃။ ဦးကျင်စိန်

အနုပညာဦးစီးဌာန၏ ကကွက်ဆိုင်ရာ အရာရှိတစ်ဦး၊ ဆို၊ ငို၊ ပြော၊ ဇာတ်စာ၊ စကား၊ ကကွက် ပညာများကို လက်ဆင့်ကမ်းခဲ့သော မင်းသားကြီး တစ်ဦးဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။)

 

၅၄။ ဒေါ်ထွေးကြည်

အနုပညာဦးစီးဌာန၏ နည်းပြဆရာမအဆင့် (၁)၊ သီချင်းကြီးများနှင့် သီဆိုဧည့်ခံလေ့ရှိသည်။ ဇာတ်လမ်းများမှာ အဓိကဇာတ်ပို့၊ ဇာတ်ရန် ပြဇာတ်များ၌ ဦးဆောင်သူဖြစ်သည်။ (တစ်ခေတ်တစ်ခါ ကက်ဆက်ဇာတ်လမ်းခေတ်တွင် တင်တင်ထွေး (ခေါ်) ယု ဟူသည့်အမည်ဖြင့်လည်း လူသိများကျော်ကြားသူဖြစ်သည်။)

 

၅၅။ ဒေါ်ခင်အုန်းမြင့်

ရန်ကုန်ပန်တျာ အကနည်းပြဆရာမဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၅၆။ ဒေါ်ဝေမာဦး

ရန်ကုန်ပန်တျာ ကျောင်းအုပ်ဖြစ်သည်။ ကဗျာလွတ် ကကွက်များကို ပြန်လည်ပြုစုရေးသား သူဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။)

 

၅၇။ ဦးမြင့်စိုး

အနုပညာဦးစီးဌာန၏ ပြဇာတ်၊ သီချင်းရေး ဆရာဖြစ်သည်။

 

၅၈။ ဦးသျှန်ထွန်း

ဒေါ်ကောလိပ်မြိုင်၏သား၊ ခေတ်ပေါ်တီးဝိုင်း ခေါင်းဆောင်၊ ရေးစပ်သူ၊ အနုပညာမျိုးရိုး ထိန်းသိမ်းသူ၊ မြန်မာစာဝိဇ္ဇာဘွဲ့ ရသူဖြစ်သည်။ ရိုးရာပွဲတော်များအတွက် တေးသီချင်းများ ရေးစပ် ခဲ့သည်။ (ယခု သျှန်ထွန်း(မြန်မာစာ) အမည်ဖြင့် တေးရေး၊ တေးဆိုဖြင့် အောင်မြင်နေသူဖြစ်သည်)

 

၅၉။ ဦးကြည်သွင်

ယဉ်ကျေးမှုတက္ကသိုလ် လက်ထောက်ကထိက (ဂီတ) ဖြစ်သည်။ စာရေးဆရာတစ်ဦးဖြစ်၍ ကိုယ်တိုင် ဂီတာတီးခတ်ကျွမ်းကျင်သူဖြစ်သည်။

 

၆၀။ ဦးမျိုးညွန့်

ပန်တျာ ပတ္တလား နည်းပြဆရာ၊ ဦးချစ်မောင်၏တပည့်ဖြစ်သည်။ အင်ဒိုနီးရှားလက်ဆောင်ဖြစ်သော (အန်ကထုံ) တူရိယာကို တိုင်းရင်းသား တေးသီချင်းများဖြင့် သီကုံးအသုံးချခဲ့သူဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

 

၆၁။ ဒေါ်မို့မို့အေး

အနုပညာဦးစီးဌာန သုတေသနနှင့် လေ့ကျင့်ရေး ဌာနခွဲမှ သုတေသနအရာရှိ (သဘင်) ဖြစ်သည်။ ပန်တျာကျောင်းဆင်းသူ၊ ခေတ်ပညာဘွဲ့ရ တစ်ဦးအနေဖြင့် အကပညာများ ပြစုနေသူဖြစ်သည်။ (ယခု တရားဘာဝနာ အားထုတ်ရင်း ငြိမ်းအေးစွာ နေထိုင်လျက်ရှိသည်။)

 

၆၂။       ဦးဇော်ဌေး

အနုပညာဦးစီးဌာန ထုတ်လုပ်ရေးအရာရှိ (ဇာတ်ညွှန်း) ဖြစ်သည်။ ဇာတ်လမ်းများကို ရေးသားလျက်ရှိသည်။ (ယခု စာပေရေးသားလျက် ရှိသည်။)

 

၆၃။      ဦးကျော်ဖေ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးသည်။ ရုပ်ရှင်မင်းသားကြီးဟု သိရှိကြပြီး ဖြစ်သည်။ ပြဇာတ်၊ ကဇာတ်၊ စာရေးဆရာလည်း ဖြစ်သည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

 

၆၄။      ဦးခင်အုန်း

တပ်မတော်အငြိမ်းစား ဗိုလ်ချုပ်ခင်အုန်း ဖြစ်သည်။ ပန်းချီ၊ ပန်းပု၊ ဂီတပညာရပ်များကို ဝါသနာအလျောက် လေ့လာလိုက်စားခဲ့သူ၊ ရာမည ကိုကိုနိုင် ကလောင်အမည်ဖြင့် “မြန်မာ့စောင်းအကြောင်း သိကောင်းစရာ” စာအုပ်ကို ပြုစု၍ အမျိုးသားစာပေဆု ချီးမြှင့်ခံရသူဖြစ်သည်။ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီး၌ အကြံပေးပုဂ္ဂိုလ်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ (ယခု ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။)

 

မှတ်တမ်းအရဆိုပါမူ ဂုဏ်ပြုခံပုဂ္ဂိုလ်အားလုံး သည်စုစုပေါင်း ၆၄ ဦး ဖြစ်သည်။ ၎င်းတို့သည် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူများ၊ ဝိုင်းဝန်းကူညီပံ့ပိုးခဲ့သူများဖြစ်ကြသည်။ ဝိုင်းဝန်းပံ့ပိုးသူဆိုရာ၌ ဥပမာ အမှတ်စဉ်-၁၁ ၏ ဆောင်ရွက်ချက်မျိုးပင်ဖြစ်သည်။ ရွာစားကြီး စိန်ဗိုလ်တင့်၏ ဆက်နွှယ်မှုနှင့် မြန်မာ့ယဉ်ကျေးမှုကို လေ့လာဆည်းပူးနေသူ ဂျပန်အမျိုးသမီးက တတ်စွမ်းသရွေ့ ပါဝင်ကူညီလာခြင်း ဖြစ်သည်။ သိမှတ်သားမှုအရ ထိုစဉ်က ဘာသာရပ်ဆိုင်ရာ အကဲဖြတ်အဖွဲ့များကို ဖော်ပြပါ ပုဂ္ဂိုလ်များက ဦးဆောင်ကြသည်-

 

(၁) အဆိုအကဲဖြတ်လုပ်ငန်း စစ်ကိုင်းလှရွှေ

အဖွဲ့ဥက္ကဋ္ဌ-

အတွင်းရေးမှူး-  ဒေါ်တင်တင်မြ

 

(၂) အကအကဲဖြတ်လုပ်ငန်း ဝဏ္ဏကျော်ထင်                        

အဖွဲ့ဥက္ကဋ္ဌ- ဦးစိန်အောင်မင်း

အတွင်းရေးမှူး-  ဒေါ်ဝေမာဦး

 

(၁)အရေးအကဲဖြတ်လုပ်ငန်း ဗိုလ်ကလေး                

အဖွဲ့ဥက္ကဋ္ဌ- တင့်အောင်

အတွင်းရေးမှူး-  ဦးကြည်သွင်

 

(၁) အတီးအကဲဖြတ်လုပ်ငန်း စိန်ဗိုလ်တင့်

အဖွဲ့ဥက္ကဋ္ဌ-

အတွင်းရေးမှူး-        ဦးဇော်ဌေး

 

တို့ဖြစ်ကြသည်။

 

ဖော်ပြပါ ပညာရှင်များအနက် အများစုမှာ တိမ်းပါးသွားကြပြီဖြစ်သည်။ သူတို့သည် သူတို့ခေတ် က လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ပေး ခဲ့ကြသည်။ ပခုံးပြောင်းတာဝန်ထမ်းဆောင်နိုင်ရန် မြေတောင်မြှောက်ပေးခဲ့ကြသည်။ ပြုစုပျိုးထောင်ခံ ရသူတို့သည် ယနေ့ကာလဝယ် အရွယ်ရောက်လာကြသည်။ မျှော်မှန်းသည့်အတိုင်း ယခုနှစ်ပြိုင်ပွဲကြီး၏ တာဝန်အရပ်ရပ်ကို သူတို့ထမ်းဆောင်ကြပါလိမ့်မည်။ ရွက်နုတို့၏ဝေချက်သည် အံ့ဩဖွယ်ပင် ဖြစ်ပါလိမ့်မည်။

 

နိုင်ငံတစ်နိုင်ငံ၏ အနုပညာယဉ်ကျေးမှုသည် ထိုနိုင်ငံ၏ ပါဝါပင်ဖြစ်သည်။ နည်းပညာနှင့် Globalization ဖြစ်စဉ်တွင် မိမိနိုင်ငံက အနုပညာ ကိုယ်ခံအားမကောင်းပါက တိုင်းတစ်ပါးတို့၏ ယဉ်ကျေးမှုက လွှမ်းမိုးသွားလိမ့်မည်။ ထို့ကြောင့် အနုပညာယဉ်ကျေးမှု အားကောင်းဖို့သည် အသက်တမျှ အရေးကြီးသည်။ အသက်ငင်နေသူပင် ဆေးကောင်းပါက ဆွဲဆန့်၍ရသေးသည်။ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးသည် အသက်ဆက်ဆေးမဟုတ်ပါ။ အသက်ရှည်ဆေးဖြစ်သည်။ ပြိုင်ပွဲကြီးကြောင့် ယနေ့လူငယ်လူရွယ်အပါအဝင် နိုင်ငံသားအားလုံး မျိုးချစ်စိတ် ပြန်လည်ထွန်းကားလာရေးကို မျှော်မှန်းနိုင်ပါမည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ပြန်လည်ထွန်းကားလာခြင်းနှင့်အတူ မြန်မာ့အက၊ မြန်မာ့ဂီတတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့သည် တစ်ဖန်ပွင့်ဖူးလာကြပါဦးမည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာစစ်စစ်သည် လူငယ်ထု၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးခြင်း မှ ကာကွယ်တားဆီးရေးကို မျှော်ရှုနိုင်ပါလိမ့်မည်။ တစ်ဖန်ဆယ့်နှစ်လရာသီ ပွဲတော်များအပါအဝင် မြန်မာ့ရိုးရာဓလေ့ထုံးတမ်း ယဉ်ကျေးမှုတိုင်းသည် မြန်မာလူမျိုးတိုင်း ပိုင်ဆိုင်ကြသည်ကိုလည်း နားလည်လာနိုင်သည်။ ဘက်တစ်ဖက်ကဖြစ်စေ၊ မည်သည့်ဘက်ကဖြစ်စေ ၎င်းတို့၏ အကျိုးစီးပွား အလို့ငှာ အသုံးချခြင်းမျိုးကိုလည်း ကာကွယ် တားဆီးရမည်သာဖြစ်သည်။ သို့ယုံကြည်မှုနှင့်အတူ ယနေ့လူငယ်များသည် ဆို၊ က၊ ရေး၊ တီး ရိုးရာ ခရီးကို ဆက်လက်သယ်ပိုး လျှောက်လှမ်းကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။

 

မှီငြမ်း-
အနုပညာရှင်များအား ဂုဏ်ပြုပွဲ (စောမုံညင်း) ၁၉၉၄ ခုနှစ်၊ မတ်လထုတ် ငွေတာရီမဂ္ဂဇင်း