ယဉ်ကျေးမှုအမွေအနှစ်ရတနာ သို့မဟုတ် ဂုဏ်ရှိန်ကြီးသော မြောက်ဦး

ယဉ်လာဒ်

 

မြောက်ဦးလို့ ဆိုလိုက်တာနဲ့ ရခိုင်ဘုရင်တွေ နန်းစိုက်ခဲ့ရာမြို့ သို့မဟုတ် ထူးခြားတဲ့ ရှေးဟောင်းအမွေအနှစ်တွေ ကြွယ်ဝစွာတည်ရှိနေတဲ့မြေ၊ ရှေးဟောင်းပုဂံထက် ပိုစောပြီး ရှေးဟောင်းပိုကျတဲ့မြို့လို့ လူသိများပါတယ်။ ဒီမြေပေါ်မှာ သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေခဲ့ဖူးပါတယ်။ တစ်ချိန်ကတော့ မြောက်ဦးဟာ နိုင်ငံခြားသားဧည့်သည်တွေရဲ့ အာရုံစိုက်ခံရတဲ့ မြို့တစ်မြို့လို့ ဆိုရပါလိမ့်မယ်။

 

မြောက်ဦးမြို့ကို ရောက်ပြီဆိုရင် သူရိယစက္ကမင်းပူဇော်ခဲ့တဲ့ စန္ဒမုနိပေါ်တော်မူ ဆုတောင်းပြည့် မဟာကျန်ဘုရားကို ဖူးမြော်နိုင်ပါတယ်။ အဲဒီနောက် မှာ အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း ရခိုင်ဘုရင် မင်းတိက္ခာနဲ့ မိဖုရားကြီး စောသန္တာတို့ တည်ထား ကိုးကွယ်တဲ့ ကိုးသောင်းပုထိုးတော်ကြီးဆီသို့ သွားရောက်ဖူးမြော်နိုင်ပါတယ်။ ဘုရားဆင်းတုတော်ကိုးသောင်း ကိန်းဝပ်စံပယ်လို့ ကိုးသောင်းဘုရား ပုထိုးတော်ကြီးလို့ အမည်တွင်ပါတယ်။

 

မြောက်ဦးဆိုတာနဲ့ ပြည်တွင်းခရီးသွားတွေကြားမှာ ကိုးသောင်းပုထိုးနဲ့ သျှစ်သောင်းပုထိုးတော် ကြီးကတော့ စိတ်ထဲနေရာယူနေပြီးသားဖြစ်ပြီး မြောက်ဦးရဲ့ အထင်ကရနေရာများ ဖြစ်ပါတယ်။ ကိုးသောင်းပုထိုးတော်ကြီးဆီကိုတော့ နိုင်ငံခြား သားတွေက တကယ့်ကို သေသေချာချာ လာရောက် လေ့လာကြပါတယ်။ ထုကြီးမားတဲ့ အုတ်တွေနဲ့ ထပ်ဆင့်တည်ဆောက်ထားတဲ့ လက်ရာများကို တွေ့မြင်ရပါလိမ့်မယ်။ အဲဒီနောက်မှာ သကျမာရ် အောင်စေတီကို သွားရောက်ဖူးမြော်နိုင်ပါတယ်။ သကျမာရ်အောင်စေတီမှာတော့ တံကဲကျောက်ဆစ် လက်ရာတွေကို တွေ့မြင်နိုင်ပါတယ်။

 

မြောက်ဦးမြို့ တစ်မြို့လုံး ရှုခင်း

 

မြောက်ဦးမြို့ တစ်မြို့လုံးရှုခင်းကို မြင်ရချင်ရင်တော့ Discovery တောင်ပေါ်ဟာ ညနေဆည်းဆာ အလှကို ကြည့်လို့ရနိုင်တဲ့ တစ်ခုတည်းသောနေရာပါပဲ။ စာရေးသူကတော့ လွန်ခဲ့တဲ့ ခြောက်နှစ် လောက်က Discovery တောင်ပေါ်ကနေ ညနေဆည်းဆာအလှကို ငေးမောခဲ့ဖူးပါတယ်။ မြောက်ဦးရဲ့ နေဝင်ဆည်းဆာဟာ အလွန်လှပလို့ ဒီတောင်ပေါ်ကိုရောက်အောင် တကူးတကလာကြတဲ့ သူတွေရှိတယ်လို့ လိုက်ပို့ပေးတဲ့ ဒေသခံ သုံးဘီးဆိုင်ကယ်မောင်းသူ ဦးလေးကြီးက စာရေးသူကို ပြောပြခဲ့ဖူးတာ အခုထိ မှတ်မိနေပါသေးတယ်။

 

မြောက်ဦးမြို့ရဲ့အထင်ကရ သျှစ်သောင်းပုထိုးတော်ကြီးကိုလည်း သွားရောက်ဖူးမြော် လေ့လာ နိုင်ပါတယ်။ လက်ရာထုဆစ်ဟန်ပန်တွေက ထူးခြားလွန်းလှပြီး အတွင်းလိုဏ်ဂူထဲထိ သွားရောက် လေ့လာလို့ရပါတယ်။ ဂူအတွင်းပိုင်းမှာ လျှောက်လမ်းတစ်ခုကိုထားပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ ဆင်းတုတော်တွေကို ကြည်ညိုဖူးမဝစွာ တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် မြောက်ဦးကို နိုင်ငံခြား သားဧည့်သည်တွေ လာရောက်မှတ်တမ်းတင် ရိုက်ကူးကြတဲ့နေရာလို့ ဆိုရပါလိမ့်မယ်။မြောက်ဦးရဲ့ အထင်ကရဘုရားတစ်ဆူဖြစ်တဲ့ ထုက္ကန်သိမ်ပုထိုးတော်ကြီးဆီ သွားရောက်ဖူးမြော် နိုင်ပါသေးတယ်။

 

mdn

 

 

၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံး ပြည်ပခရီးသွား

 

“မြောက်ဦးကို အခုဒီလထဲ ထိုင်းခရီးသွား ဧည့်သည် ၁၆ ဦး လာရောက်လည်ပတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံးလာရောက်တဲ့ ပြည်ပခရီးသွားလို့ ပြောရမှာပါ။ ပြည်တွင်းခရီးသွားတွေကတော့ ဧပြီလနောက်ပိုင်းကစပြီး လာရောက်လည်ပတ်နေတာကို တွေ့နေရပါတယ်ဟု ရခိုင် ပြည်နယ် ဟိုတယ်ခရီးဌာနမှ တာဝန်ခံက ဆိုပါတယ်။

 

mdn

 

 

 

ရန်ကုန်နဲ့ ရခိုင်ပြည်နယ်ကို နေ့စဉ်ပြေးဆွဲပေးနေတဲ့ ခိုင်ပြည်သစ်တိုးရတနာယာဉ်လိုင်းကလည်း နေ့စဉ်ပုံမှန်တစ်စီးစီ ထွက်ရှိပေမယ့် မြောက်ဦးကို သွားရောက်လည်ပတ်တဲ့ခရီးသွားတွေလည်း ရှိနေ ပါတယ်လို့ ဆိုပါတယ်။

 

မြောက်ဦးကို ရန်ကုန် - စစ်တွေ လေယာဉ်နဲ့ သွားရောက်ပြီး စစ်တွေကနေ မြောက်ဦးကို ကားနဲ့ ထပ်မံသွားရောက်နိုင်သလို ယာဉ်လိုင်းနဲ့ လာရင်တော့ ရန်ကုန်ကနေ မြောက်ဦးအထိ ယာဉ်စီးခ ခရီးသည်တစ်ဦးကို ငွေကျပ် ၅၀၅၀၀ ဖြစ်ပါတယ်။

 

မြောက်ဦးမြို့ရဲ့ ဘုရားပွဲတော်တွေထဲမှာ ကိုးသောင်းပုထိုးတော်ကြီးရဲ့ ဘုရားပွဲတော်ကို ဒီနှစ် မတ်လ ၁၈ ရက်ကနေ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။ သျှစ်သောင်း ပုထိုးတော်ကြီး ဘုရားပွဲတော်ကတော့ မေ ၂ ရက်ကနေ ၆ ရက်အထိ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ဧပြီလကုန်ပိုင်းမှာ (၉၅)ကြိမ်မြောက် ကျင်းပခဲ့ပါတယ်။

 

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်ရောက်နိုင်ဖို့ အဆိုပြုလွှာ မူကြမ်း တင်ထားပြီးဖြစ်သလို မြောက်ဦးမြို့ကို ယူနက်စကို ထိန်းသိမ်းစောင့်ရှောက်ခံ ဒေသဖြစ်စေဖို့ ရိုက်ကူးပြသတဲ့ “ကျွန်မရဲ့ ပုန်းကွယ်နေသောမြို့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားဟာ ပြင်သစ်နိုင်ငံ Nice မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ပွဲတော်မှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဇာတ်ကားတိုဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

 

တကယ်တော့ မြောက်ဦးအလှကို စာရေးသူ စာဖွဲ့ရမယ်ဆိုရင် နန်းဆန်တယ်။ ဂုဏ်ရှိန်ကြီးမြတ် တယ်လို့ ခံစားရစေပါတယ်။ ဓညဝတီခေတ်ကနေ ဆင်းသက်လာပြီး ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ လောင်းကြက်ခေတ်ကနေ မြောက်ဦးခေတ်ကို ရောက်ရှိခဲ့တဲ့ သမိုင်းကြောင်းရှည်လျားတဲ့နယ်မြေ ဖြစ်ခဲ့ပြီး မင်းဆက်ပေါင်း ၂၉၀ စိုးစံခဲ့တဲ့ ဒီမြေဟာ သမိုင်းကြောင်းတွေ များစွာထုံမွမ်းနေခဲ့ပါတယ်။

 

မြောက်ဦးမြေပေါ်မှာ ဘုရားပုထိုးများစွာတည်ရှိ ပြီး ကမ္ဘာတည်သရွေ့ ထိန်းသိမ်းစောင့်ရှောက် ရမယ့် ယဉ်ကျေးမှုအမွေအနှစ်တွေ ဖြစ်တာကြောင့် ဂုဏ်ရှိန်ကြီးမြတ်လွန်းတဲ့ မြောက်ဦးမြေပေါ်ကို တစ်ကြိမ် တစ်ခါလောက် သွားရောက်လည်ပတ် လေ့လာနိုင်ဖို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။