ယဉ်ကျေးမှုသင်္ကြန်ပွဲတော် ရိုးရာအစဉ်အလာနွှဲပျော်

ယနေ့သည် မဟာသင်္ကြန်အကျနေ့ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၄ ရက်နေ့မှ နှောင်းတန်ခူးလပြည့်ကျော် ၁ ရက်နေ့သည် နှစ်တစ်နှစ်ကုန်ဆုံးသည့် နှစ်ဟောင်းကာလမှ နှစ်သစ်ကာလသို့ ကူးပြောင်းနေသည့် အခါသမယဖြစ်သည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောကြသည့် အစဉ်အလာ ရေသဘင်ပွဲတော်နှင့် နှစ်သစ်ကူးပြောင်းသည့်ကာလတွင် ကောင်းမှုကုသိုလ်များ အထူးပွားများကြခြင်းသည် မဟာသင်္ကြန်၏ အနှစ်သာရဖြစ်သည်။

 

ဤအခါသမယတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ဘုရား၊ စေတီ၊ ကျောင်းကန်များတွင် ရတနာသုံးပါးကို ရိုကျိုးကော်ရော်ပူဇော်ပြီး ကောင်းမှုကုသိုလ်ပြုကြခြင်း၊ သက်ကြီးဝါကြီးများအား ပူဇော်သက္ကာယ ပြုလုပ် ကြခြင်း၊ ရဟန်းခံရှင်ပြု အလှူမင်္ဂလာများ ပြုလုပ်ကြခြင်း၊ တိရစ္ဆာန်များသတ္တဝါတို့ကို အသက်သတ်လွတ် ဘေးမဲ့လွှတ်ခြင်း စသည့်ကောင်းမှုမင်္ဂလာအဖြာဖြာတို့ကို နိုင်ငံတစ်ဝန်းတွင် ပြုလုပ်ကြရာ ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံကုံလုံ နေသောအခါသမယဖြစ်သည်။

 

ထို့အပြင် ကုန်ဆုံးခဲ့သော နှစ်ဟောင်းကာလတွင် မိမိတို့၏ ကိုယ်စိတ် နှစ်ပါးတို့၌ စွန်းထင်းခဲ့သော အညစ်အကြေးများ ရှိခဲ့ပါက အလုံးစုံရှင်းလင်း ပျောက်ကင်းသွားအောင် ဆေးကြောသန့်စင်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦးအပေါ် ကြည်လင်သန့်ရှင်း မွှေးပျံ့သင်းကြိုင်သည့် နံ့သာရည်တို့ကို သပြေခက်ဖြင့် ပက်ဖျန်းကြသည့် မွန်မြတ်သော ဓလေ့ထုံးတမ်းစဉ်လာများ ပြုလုပ်ကြသည်။ ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးနှင့်မျှမတူသည့် မွန်မြတ်သော ဓလေ့ထုံးတမ်း အစဉ်အလာများကို တစ်မူထူးကဲပြုလုပ်ကြခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်သည်။

 

သို့သော် ခေတ်ကာလတို့ ရွေ့လျောပြောင်းလဲလာသည်နှင့်အမျှ မြန်မာတို့၏ အဆိုပါကောင်းမြတ်သော ယဉ်ကျေးမှုအစဉ်အလာများ ပါးလျားလာသည်ကို တွေ့ရ သည်။ လူငယ်တို့၏သဘာဝ အပျော်လွန်ကြရာမှ ကြမ်းတမ်းစွာ ရေကစားခြင်းဖြင့် တစ်ဖက်သားကို အနာတရဖြစ်စေခြင်း၊ တစ်ဖက်သားအပေါ် မခံမရပ်ဖြစ်နိုင်သည်အထိ ထိခိုက်နစ်နာအောင် နောက်ပြောင်မိခြင်း၊ အထိအခိုက်မခံနိုင်ရာမှ ခိုက်ရန်ဖြစ်ပွားခြင်း၊ အပျော်လွန်ခြင်းနှင့် အရက်သေစာသောက်စားခြင်းကြောင့် ယာဉ် အန္တရာယ်မှအစ အန္တရာယ်အမျိုးမျိုးဖြစ်ပေါ်ခြင်းတို့ မကြာခဏ ကြုံတွေ့ကြရသည်။ ယင်းတို့သည် မင်္ဂလာအခါနှင့်မဆီလျော်သည့် အမင်္ဂလာကို ဖြစ်စေသည်။

 

ထို့ကြောင့် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများအနေဖြင့် မိမိတို့တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှ ကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် မိမိအကျိုး၊ နိုင်ငံတော် ၏အကျိုးများကို စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

 

ကောင်းမြတ်သောအစဉ်အလာများ၊ ရည်ရွယ်ချက်များ၊ အနှစ်သာရများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် မြန်မာ့ရိုးရာဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင် ပြီး မြန်မာလူမျိုးများ၏ အမြင်တွင် မတင့်တယ်သည့် နေထိုင်၊ ပြုမူ၊ လုပ်ကိုင် ဆောင်ရွက်မှုများ၊ ဘာသာတရားနှင့်မဆီလျော်သည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ၊ ကြမ်းတမ်းသောရေကစားမှု၊ ထိပါးနှောင့်ယှက်မှုများ၊ လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ ပြောဆို ဆောင်ရွက်မှုများ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ကို မြတ်နိုးနှစ်သက်၍ ပျော်ရွှင်လိုကြ သူများဖြစ်သည်နှင့်အညီ အခြားနိုင်ငံခြားသားများက မြန်မာ့ရိုးရာအတာသင်္ကြန်အား လေးစားတန်ဖိုးထားမှုကို လျော့ပါးစေသော စရိုက်လက္ခဏာများ၊ ဝတ်စားဆင်ယင်၊ ပြောဆိုပြုမူ ပျော်ပါးမှုများ၊ အရက်သေစာများကို အလွန်အမင်း သောက်စားမူးယစ် ရမ်းကားမှုများစသည့် မကောင်းသောစရိုက်လက္ခဏာများကို ရှောင်ကြဉ်ကြပါရန် မေတ္တာရပ်ခံပါသည်။

 

သို့ဖြစ်ရာ မြန်မာတို့၏ အစဉ်အလာမပျက် ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်သည် မြတ်နိုးဖွယ်ရာ ကောင်းမြတ်သော အနှစ်သာရများနှင့် ထုံမွမ်းနေသဖြင့် ယဉ်ကျေးမှုအစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် မြန်မာတို့၏ဂုဏ်၊ မြန်မာတို့၏ ယဉ်ကျေးမှုများသည် ပတ်ဝန်းကျင်တစ်ခွင်တွင် တင့်တယ်နေမည် ဖြစ်ကြောင်းနှင့် ကျက်သရေရှိသော နိုင်ငံ၊ မင်္ဂလာရှိသော တိုင်းပြည်အဖြစ် ဆက်လက် တည်ထွန်းနေမည်ဖြစ်ပါကြောင်း။   ။

 

ကြေးမုံ