ကန်ပါလာ မေ ၂၈

ယူဂန်ဒါနိုင်ငံတွင် အီဘိုလာ ရောဂါကူးစက်မှုကို  ထိန်းချုပ်သည့်အနေဖြင့် လူစုလူဝေးပြုလုပ်ခြင်းအား တားမြစ်ခဲ့ကြောင်း သိရသည်။

လူအများအပြား တက်ရောက်သည့် ယဉ်ကျေးမှုပွဲတော်အခမ်းအနားများ၊ လူစုလူဝေးများ၊ မာရသွန်ပြိုင်ပွဲများနှင့် နယ်စပ်ဖြတ်ကျော်ကျင်းပသည့် ဈေးရောင်းပွဲတော်များပြုလုပ်ခြင်းကို တားမြစ်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက   ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါအခမ်းအနားများတွင် ဒေသခံအချင်းချင်း  ထိတွေ့မှုများရှိခြင်းနှင့် လူစုလူဝေးများကြောင့် ရောဂါကူးစက်လွယ်ခြင်းစသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများရှိကြောင်း သိရသည်။ သို့ရာတွင် နိုင်ငံအတွင်းရှိ မဖြစ်မနေကျင်းပရသည့် အခမ်းအနားအချို့ကို အီဘိုလာရောဂါထိန်းချုပ်ရေး စည်းမျဉ်းများအရ ဆောင်ရွက်စေခဲ့သည်။

စည်းမျဉ်းများအရ အခမ်းအနားသို့တက်ရောက်သည့်အရေအတွက် လျှော့ချခြင်း၊ လက်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ရောဂါကူးစက်မှုဖြစ်နိုင်ခြေများသည့်နေရာများနှင့် နယ်စပ်ဒေသများတွင်  အီဘိုလာရောဂါထိန်းချုပ်ရေးစည်းမျဉ်းများကို စနစ်ကျစွာဆောင်ရွက်ခဲ့ကြောင်း  သိရသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ