ယူကရိန်းအရေး တင်းမာမှုများလျှော့ချရန် ဆွေးနွေးစေလိုကြောင်း ကမ္ဘာ့နိုင်ငံများအား တရုတ်တိုက်တွန်း

ပေကျင်း ဖေဖော်ဝါရီ ၂၅

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တင်းမာမှုများ လျှော့ချရန် ကမ္ဘာ့နိုင်ငံများအား ပါဝင်ဆွေးနွေးစေလိုကြောင်း ယနေ့သဘောထားတစ်ရပ်ထုတ်ပြန် ကြေညာခဲ့သည်။

 

ယူကရိန်းအရေးအပေါ် တရုတ်နိုင်ငံအနေဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချင်ယင်က ယနေ့ပြောသည်။

 

ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ စစ်ဆင်ရေးဆင်နွှဲမှုဆိုင်ရာ အခြေအနေများကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းကြရန် ကမ္ဘာ့နိုင်ငံများအား ခွါချင်ယင်က တိုက်တွန်းပြောကြားသည်။

 

အဆိုပါတင်းမာမှုများကို လျှော့ချပြီး စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများဖြင့်သာ ငြိမ်းချမ်းစွာ အဖြေရှာကြရန် နိုင်ငံအားလုံး အနေဖြင့် မျှော်လင့်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ယူကရိန်းအရေးသည် အလွန်ရှုပ်ထွေးသော နောက်ခံသမိုင်းကြောင်းနှင့် အခြေအနေများရှိသည့်အတွက် ယနေ့ တင်းမာမှု ဖြစ်စဉ်များဆီသို့ ဦးတည်ခဲ့ ခြင်းဖြစ်ကြောင်း ဟွာချင်ယင်က ဆိုသည်။

 

ထို့ပြင် အမေရိကန်နိုင်ငံကလက်နက် ခဲယမ်းများကို ယူကရိန်းနိုင်ငံသို့ ပေးပို့လျက်ရှိသည်ကို သိရကြောင်းနှင့် လက်ရှိ အချိန်တွင် တင်းမာမှုများကို ဝိုင်းဝန်းထိန်းသိမ်းရမည့်အစား အမေရိကန်နိုင်ငံ၏ ယင်းသို့ ဆောင်ရွက်မှုများကို ၎င်း အနေဖြင့် ရှုတ်ချပါကြောင်း ဟွာချင်ယင် က ပြောသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်