ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးရန် အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် ရုရှားသမ္မတ ပူတင်တို့ သဘောတူညီ

ဝါရှင်တန်  ဇန်နဝါရီ   ၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ယူကရိန်းနိုင်ငံနှင့် ပတ်ဝန်းကျင် အခြေအနေများအရေးနှင့်စပ်လျဉ်း၍ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ သဘောတူညီချက်ရရှိခဲ့ခြင်း မရှိခဲ့သော်လည်း တင်းမာမှုများလျှော့ကျရေးအတွက် လာမည့်လအတွင်း သံတမန်ရေးဆိုင်ရာ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသည် မိနစ် ၅၀ ခန့်ကြာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည့် ယူကရိန်းနိုင်ငံနှင့် ပတ်ဝန်းကျင်အခြေအနေများအရေး ဆွေးနွေးပွဲသည် မိနစ် ၅၀ ခန့် ကြာခဲ့ကြောင်း သိရသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ဆွေးနွေးပွဲတွင် ယူကရိန်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ရုရှားနိုင်ငံ၏ ကြီးမားသည့် တပ်အင်အား တည်ဆောက်မှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲအပြီး အိမ်ဖြူတော်ကထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်မူ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းနှင့် တင်းမာမှုများကို အရှိန်လျှော့ရန် ရုရှားသမ္မတအား တောင်းဆိုခဲ့ကြောင်း ဖော်ပြထား သည်။ ကရင်မလင်ကလည်း အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအား မကြုံစဖူးသော ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်မည်ဆိုပါက နှစ်နိုင်ငံအကြား ဆက်ဆံရေးပြိုကွဲသွားနိုင်ခြေရှိကြောင်း ရုရှားသမ္မတပူတင်က ထောက်ပြထားသည်ဟု ပြောကြားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ယခုလအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားသော နေတိုး-ရုရှား ကောင်စီ အစည်းအဝေးနှင့် အမေရိကန်-ရုရှား နှစ်နိုင်ငံ ဆွေးနွေးပွဲများအပါအဝင် သံတမန်ရေးဆိုင်ရာ တွေ့ဆုံမှုများတွင် ယူကရိန်းကိစ္စနှင့်စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်