ယူကရိန်းနေရပ်စွန့်ခွာပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ပြောင်းရွှေ့နိုင်စေရန် ရုရှားတပ်ဖွဲ့ဝင်များက အပစ်အခတ်ရပ်စဲထား

မော်စကို မတ် ၆

ယူကရိန်းနေရပ်စွန့်ခွာပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ပြောင်းရွှေ့နိုင်စေရန်အတွက် ရုရှားတပ်ဖွဲ့ဝင်များက ယနေ့ အပစ်အခတ်ရပ်စဲထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယင်းသို့ အပစ်အခတ်ရပ်စဲထားခြင်းသည် ဒုတိယအကြိမ်ဆွေးနွေးပွဲ၌ ရုရှား-ယူကရိန်း နှစ်နိုင်ငံ တာဝန်ရှိသူများ သဘောတူညီထားသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်တင်ရေး စင်္ကြံအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကူညီကယ်တင်ရေးစင်္ကြံအရယူကရိန်း နိုင်ငံတောင်ပိုင်းရှိ ဗိုနိုဗာခါနှင့် မာရီပိုလ်မြို့များမှ ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ နေရပ်စွန့်ခွာနိုင်ရန် အပစ်အခတ် ရပ်စဲထားခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုသည် ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီမှ ညနေ ၅ နာရီအထိဖြစ်ကြောင်း သိရသည်။

မာရီပိုလ်မြို့မှ ပြည်သူ ၂၀၀၀၀၀ ကျော်နှင့် ဗိုနိုဗာခါမြို့မှ ပြည်သူ ၁၅၀၀၀ ကျော်သည် နေရပ်စွန့်ခွာမည်ဖြစ်ကြောင်း သိရသည်။

ရုရှား-ယူကရိန်း ဒုတိယအကြိမ်ဆွေးနွေးပွဲ၌ နှစ်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်သူများက ပဋိပက္ခအတွင်း ပိတ်မိနေသည့်အရပ်သားများအား ကယ်တင်နိုင်ရေးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်တင်ရေးစင်္ကြံများ ထူထောင်ရန်နှင့် ပြည်သူများ ရွှေ့ပြောင်းသွားလာသည့် လမ်းကြောင်းတစ်လျှောက် ယာယီအပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အောင်ကျော်ကျော်