ယူကရိန်းနိုင်ငံ၏ ဒုံးကျည်များဖြင့် တိုက်ခိုက်ရန်ကြိုးပမ်းမှုကို ဘီလာရုစ်နိုင်ငံက ကြားဖြတ်ဟန့်တားခဲ့ဟု လူကာရှန်ကို ပြောကြား

မော်စကို ဇူလိုင် ၅

ယူကရိန်းနိုင်ငံသည် ဘီလာရုစ်ပိုင်နက်အတွင်းရှိ စစ်ဘက်ဆိုင်ရာအဆောက်အအုံများကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြောင်း၊ သို့ရာတွင် ယူကရိန်းနိုင်ငံ၏ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုအားလုံးကို ဘီလာရုစ်နိုင်ငံက ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဘီလာရုစ် သမ္မတ အလက်ဇန္ဒားလူကာရှန်ကို၏ ပြောကြားခဲ့မှု ကို ဘီလာရုစ် နိုင်ငံပိုင် ဘယ်တာသတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

 

စစ်ဖြစ်ရန်မလိုလား

 

ထို့ပြင် ဘီလာရုစ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံနှင့် စစ်ဖြစ်ရန် မလိုလားသည့်အတွက် အဆိုပါ ယူကရိန်းနိုင်ငံက ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို အထောက်အထား မပြသခဲ့ခြင်းဖြစ်ကြောင်းနှင့် ဘီလာရုစ်နိုင်ငံပိုင်နက်ကို ကျူးကျော်လာပါက ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း လူကာရှန်ကိုက ပြောကြားသည်။

 

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယူကရိန်းစစ်ဘက်က ချက်ချင်းဝေဖန်မှုများ မပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ဘီလာရုစ်နိုင်ငံသည် ရုရှားနိုင်ငံ၏အနီးကပ်ဆုံး မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းနိုင်ငံအတွင်းသို့ ရုရှားတပ်ဖွဲ့ဝင်များစေလွှတ်ရန် ဘီလာရုစ်ပိုင်နက်နယ်မြေကို အသုံးပြုခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။

 

ကိုးကား - စီအင်န်အေ

ဘာသာပြန် - အလင်းသစ်